Home
မြန်မာသတင်း
ဗန်းမော်ထောင်တွင် အကျဉ်းသားအချို့ကို စစ်တပ်က လက်နက်တပ်ဆင်ထား
DVB
·
April 21, 2025

ကချင်ပြည်နယ်၊ ဗန်းမော်မြို့သိမ်းတိုက်ပွဲ အပြင်းအထန် ဖြစ်ပွားနေပြီး ဗန်းမော်မြို့ထဲက စကခ ၂၁ အနီးမှာရှိတဲ့ ဗန်းမော်အကျဉ်းထောင်က အကျဉ်းသားတွေကို စစ်တပ်က လက်နက် တပ်ဆင်ထားတယ်လို့ ဗန်းမော်အကျဉ်းထောင်က အကျဉ်းသားမိသားစုဝင် တယောက်က ပြောပါတယ်။

လက်နက်တပ်ဆင်ထားတာဟာ အကျဉ်သားအားလုံးကို မဟုတ်ဘဲ နိုင်ငံရေးမှု၊ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ဆက်နွှယ်သူတွေက လွဲပြီး အများစုကို လက်နက်တပ်ဆင်ထားတယ်လို့ ဆိုပါတယ်။

“အဆက်အသွယ် ခဏရတော့ နိုင်ငံရေးမှုတွေကိုတော့ သေနတ်ပေးမကိုင်ဘူးတဲ့၊ ကျန်တဲ့ ဒီ မူးယစ်မှု ဘာညာနဲ့ တခြားအမှုနဲ့ကျတဲ့သူတွေကိုတော့ သေနတ်ပေးကိုင်ထားတယ်လို့ ပြောတယ်၊ ပစ်ခိုင်းလား မပစ်ခိုင်းဘူးလားတော့ မသိဘူး။”

ဗန်းမော်အကျဉ်းထောင်ဟာ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က ဝိုင်းပတ် တိုက်ခိုက်နေတဲ့ စကခ ၂၁ အနီးမှာ ရှိပြီးတော့ စကစ ဘက်ကလည်း ထောင်ပတ်ဝန်းကျင်တွေမှာ တပ်စခန်း အခိုင်အမာတွေ ပြုလုပ်ထားတယ်လို့ သိရပါတယ်။

ဗန်းမော်အကျဉ်းထောင်မှာ အကျဉ်းကျခံနေတဲ့ အကျဉ်းသားတွေနဲ့ မိသားစုဝင်တွေဟာ တိုက်ပွဲတွေကြောင့် ထောင်ဝင်စာ အပါအဝင် တရားဝင်မဟုတ်တဲ့ နည်းလမ်းတွေနဲ့လည်း အဆက်အသွယ်မရရှိတာ ၆ လအထက် ရှိနေပြီလို့ သိရပါတယ်။

မြန်မာနှစ်သစ်ကူးကာလအတွင်းမှာ ဗန်းမော်မြို့ ပတ်ဝန်းကျင်မှာရှိတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ တပ်မိသားစုဝင်တချို့က လက်နက်စွန့်ပြီး ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သားတွေလည်း ရှိနေတယ်လို့ ဗန်းမော်မြို့သိမ်းတိုက်ပွဲမှာ ပါဝင်တိုက်ခိုက်နေတဲ့ KIA တပ်သားတယောက်ဆီကနေ သိရပါတယ်။

စစ်ကောင်စီက မြန်မာ့နှစ်သစ်ကူး အခါသမယ အထိမ်းအမှတ်အနေနဲ့ အကျဉ်းသား ၄,၉၀၀ နီးပါး လွှတ်ပေးခဲ့ပေမဲ့ ဗန်းမော်အကျဉ်းထောင်က အကျဉ်းသားတွေ ပါဝင်မှု ရှိမရှိကိုတော့ သီးခြား အတည်ပြုနိုင်ခြင်း မရှိပါဘူး။

ဗန်းမော်မြို့က ပြည်သူအားလုံးကလည်း KIA ဗန်းမော်မြို့ကို စတင်ဝင်ရောက်လာတဲ့ ဒီဇင်ဘာ ၃ ရက်က စတင်ပြီး တိုက်ပွဲတွေကြောင့် မြို့ကို စွန်ခွာထွက်ပြေး တိမ်းရှောင်နေထိုင်နေရဆဲ ဖြစ်ပါတယ်။

လက်ရှိ ဗန်းမော်မြို့ပတ်ဝန်းကျင်မှာ မြေပြင် နှစ်ဖက်တိုက်ပွဲတွေ ငြိမ်သက်နေပြီးတော့ ကချင်လွတ်မြောက်ရေးတပ်မတော်က စကခ ၂၁ နဲ့ မြို့ပတ်ဝန်းကျင်က တပ်ရင်းတွေကို ဝိုင်းပတ် ပိတ်ဆို့ထားတာ ဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013