Home
ရုပ်သံ
လွတ်ငြိမ်း ၁၈ ကြိမ်၊ အကျဉ်းသား ၁ သိန်းကျော် ပြန်လွှတ်ရာတွင် နိုင်ကျဉ်း ၉,၀၀၀ ခန့်သာပါဝင်
DVB
·
April 19, 2025
Photo:DVB

စစ်ကောင်စီက အာဏာသိမ်း ၄ နှစ်ကျော်မှာ  စစ်ကောင်စီက ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ၁၈ ကြိမ်ပေးခဲ့ပြီး အကျဉ်းသား ၁ သိန်းကျော် (၁၀၆,၈၁၀ ယောက်) လွှတ်ပေးခဲ့တာမှာ နိုင်ငံရေးအကျဉ်းသားက ၉၀၀၀ (၈,၈၇၃ ယောက်) နီးပါး (၈ ဒသမ ၃၁ ရာခိုင်နှုန်း) သာ ပါဝင်ကြောင်း DVB က ကောက်ယူရှိထားတဲ့ စာရင်းတွေအရ သိရပါတယ်။

အခုနောက်ဆုံး ဧပြီ ၁၇ ရက် နှစ်ဆန်းတရက်နေ့မှာ နိုင်ငံတဝန်းအကျဉ်းထောင်တွေက အကျဉ်းသားစုစုပေါင်း ၄၈၉၃ ယောက် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးခဲ့တာမှာ နိုင်ငံရေးအကျဉ်းသား ၃၆၉ ယောက်သာ ပါဝင်တာကြောင့် သောင်းနဲ့ချီတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ရည်ရွယ်ချက်ရှိရှိ ချန်ထားတာလို့  မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ရဲ့ ဦးဆောင်ကော်မတီ ကိုသိုက်ထွန်းဦးက ပြောပါတယ်။

“၁၈ ရက်နေ့ ညနေ ၅ နာရီခွဲထိ အတည်ပြုထားတဲ့ စာရင်းတွေအရကတော့ စုစုပေါင်း နိုင်ငံရေးအကျဉ်းသား ၃၆၉ ဦးလောက်တော့ ကျနော်တို့တွေ့ရတယ်ပေါ့။ ဒါပေမဲ့ ဒါဟာ စုစုပေါင်း လွတ်မြောက်မှုအရေအတွက်နဲ့စာရင် တော်တော်လေးကိုမှ အ‌ရေအတွက်ဟာ နည်းပါတယ်၊ တော်လှန်ရေးတပ်တွေကိုလည်း သူတို့ ဘယ်လောက်ထိ စိုးရိမ်ကြောက်လန့်နေလဲဆိုတာ ကျနော်တို့ မြင်ရပါတယ်။ ဒါ့ကြောင့်ပဲ သူတို့ကို လက်နက်ကိုင် တော်လှန်ခဲ့တဲ့သူတွေကို တတ်နိုင်သလောက် မပါဖို့ နည်းပေါင်းစုံ နဲ့ တော်လှန်နေကြတဲ့သူတွေကို ဒီလွတ်ငြိမ်းထဲမှာ မပါလာဖို့ စနစ်တကျ လုပ်ဆောင်ထားတာကို တွေ့ရတယ်။ ရိုးရိုးရှင်းရှင်းပြောရမယ်ဆိုရင်တော့ စစ်ကောင်စီက သူရဲ့ အကြောက်တရားကို အကာကွယ်ပြုဖို့ရယ်၊ သူတို့တွေ နိုင်ငံရေးထွက်ပေါက်မဲ့တဲ့အခါမှာ နိုင်ငံရေး အကျဉ်းသားတွေကို နိုင်ငံရေးအရ အမြတ်ထုတ်ပြီးမှ သူတို့ထွက်ခွာနိုင်ဖို့ အခုလို သောင်းနဲ့ချီတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ဆက်လက်ဖမ်းဆီးထားတာဖြစ်ပါတယ်။”

PPNM ရဲ့ ဧပြီ ၁၈ ရက် ညနေ ၅ နာရီထိထုတ်ပြန်ချက်မှာတော့ နိုင်ငံတဝန်း အကျဉ်းထောင်အသီးသီးက နိုင်ငံရေးအကျဉ်းသား ၂၁၄ ယောက်၊ အကျဉ်းသူ ၁၅၅ ယောက် စုစုပေါင်း ၃၆၉ ယောက်သာ လွတ်မြောက်လာကြောင်း၊ ဒါဟာ စုစုပေါင်း ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပေးလိုက်သူတွေအားလုံးရဲ့  ၇ ရာခိုင်နှုန်းကျော်လောက်သာ ရှိတာဖြစ်ပါတယ်။

အခုလို နိုင်ကျဉ်းအများစု မပါတဲ့ အယောင်ပြ လွတ်ငြိမ်းခွင့်ပေးနေတာက စစ်ကောင်စီရဲ့ လုပ်ထုံးလုပ်နည်းဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ကလည်း ဝေဖန်ပါတယ်။

AAPP မှ ဦးအောင်မျိုးကျော်က “တောက်လျှောက်ပါပဲ၊ ဒီစစ်အုပ်စုက နိုင်ငံတကာ ဖိအားတွေ များလာတဲ့အချိန် နိုင်ငံတကာကို မျက်စိလှည့်ချင်တဲ့ အတွက်‌ကြောင့် လွတ်ငြိမ်းချမ်းသာခွင့်တွေ ပေးတယ်။ အကျဉ်းသားတွေ ထောင်နဲ့ချီပြီးလွှတ်ပေးတယ်။ သို့သော်လည်း နိုင်ငံရေးအကျဉ်းသားဆိုတာ မဆိုသလောက်လေးပဲ ပါတယ်။ တကယ် နိုင်ငံတကာမှာ မျက်နှာရချင်တယ်၊ နိုင်ငံတကာမှာ လည့်စားတာမျိုးမဟုတ်ဘဲနဲ့ တိုင်းပြည်အပေါ် စေတနာရှိတယ်ဆိုရင် အခုချိန်မှာ လွှတ်ပေးရမှာက ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတကြီး ဦးဝင်းမြင့် အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံးကို ခြွင်းချက်မရှိ ပထမဆုံး လွှတ်ပေးရမှာ ဖြစ်တယ်။ နိုင်ငံရေးအကျဉ်းသားတွေကို ညှဉ်းပန်းနှိပ်စက်မှုတွေကလည်း နိုင်ငံအနှံ့မှာ ဖြစ်နေတာဖြစ်တယ်။ အဲဒီထဲကမှ လက်လွတ်စပယ်သတ်ပစ်တဲ့ကိစ္စတွေကလည်း ကြုံနေရတာပဲ။ ဘယ်နေရာမှာ ဘာပဲဖြစ်ဖြစ် အကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသားတွေကို ပုံစံမျိုးစုံနဲ့ ညှဉ်းပန်းမယ် သတ်ဖြတ်မယ်။ ဒါဟာ စစ်အုပ်စုရဲ့ စေခိုင်းမှုကြောင့်ပဲ  ဒီထောင်တွေက လုပ်နေရတာ”လို့ ပြောပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ နောက်ဆုံး ထုတ်ပြန်ချက်အရ နိုင်ငံရေးအကျဉ်းသား ၂၂,၁၉၇ ယောက် အကျဉ်းထောင်အသီးသီးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်တယ်လို့ သိရပါတယ်။

ဝေဝေ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013