
ကရင်နီပြည်နယ်၊ လွိုင်ကော်အကျဥ်းထောင်ကနေ ဧပြီ ၁၇ ရက်မှာ လွှတ်ပေးတဲ့ လွတ်ငြိမ်းစာရင်းထဲက အကျဥ်းသား ၉ ယောက် လွတ်မြောက်လာပေမဲ့ နိုင်ငံရေးအကျဥ်းသား မပါဝင်ဘူးလို့ ကရင်နီနိုင်ငံရေးအကျဥ်းသားများ အစည်းအရုံး (KPPA) က ထုတ်ပြန်ပါတယ်။
လွတ်ရက်စေ့နေပြီးသူတွေ၊ လွတ်ရက်ကျော်နေပြီးဖြစ်တဲ့ နိုင်ငံရေးအကျဥ်းသားတွေ မပါဝင်ဘဲ ပြစ်မှုကြောင့် ကျခံထားရတဲ့ အကျဥ်းသား ၇ ယောက်နဲ့ အကျဥ်းသူ ၂ ယောက်ပဲ လွတ်မြောက်လာတာလို့ သိရပါတယ်။
KPPA တာဝန်ရှိသူတယောက်က “နိုင်ငံရေးအကျဥ်းသားတွေကို လွတ်ရက်စေ့နေပြီ၊ ပြန်မလွှတ်တာတွေလည်း ရှိတယ်၊ ပြီးတော့ လွတ်ရက်စေ့ပြီးတော့ နောက်အမှု ထပ်တပ်တာတွေလည်း ရှိတယ်။ ပြီးတော့ လွတ်ရက်နားနီးပြီး လွတ်ငြိမ်းချမ်းသာပေးတဲ့အထဲက ချန်လှပ်ထားတာတွေကတော့ လုံးဝကို မတရားလုပ်တာပေါ့နော့” လို့ ပြောပါတယ်။
အခုလက်ရှိ လွတ်မြောက်လာသူတွေက လွတ်ရက်စေ့ခါနီးပြီဖြစ်တဲ့ ခိုးမှု၊ ပြည်သူပိုင်ပစ္စည်း ဖျက်ဆီးမှု၊ လူသတ်မှုတို့နဲ့ အကျဥ်းကျခံထားရသူတွေကိုသာ လွှတ်ပေးတာလို့ ဆိုပါတယ်။
မြန်မာတနိုင်ငံလုံး အတိုင်းအတာနဲ့ အကျဥ်းသား ၄,၈၉၃ ယောက်ကို လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွှတ်ပေးတယ်လို့ ထုတ်ပြန်ခဲ့ပေမဲ့ အကျဥ်းထောင်အများစုမှာ နိုင်ငံရေးအကျဥ်းသားတွေ လွတ်မြောက်လာတာ မရှိဘူးလို့ နိုင်ငံရေးအကျဥ်းသား မိသားစုဝင်တွေဆီက သိရပါတယ်။