Home
မြန်မာသတင်း
တပ်မ ၇၇ တပ်မမှူးနှင့် သုံ့ပန်းများကို စတင်စစ်ဆေး၊ နမခတွင် စစ်တပ်က အင်အားတိုးချထား
DVB
·
April 21, 2025

အင်းတော်မြို့သိမ်းတိုက်ပွဲမှာ ဖမ်းမိထားတဲ့ တပ်မ ၇၇ တပ်မမှူးနဲ့ သုံ့ပန်းတွေကို စစ်ဆေးမှု စတင်ပြုလုပ်နေပြီလို့ မြေပြင် PDF တွေက ပြောပါတယ်။

အင်းတော် အပါအဝင် စစ်ကိုင်းဒေသတွင်း နယ်မြေတွေကို ပြန်သိမ်းနိုင်ဖို့ စစ်ကောင်စီက နမခမှာ တပ်သားအင်အား တိုးမြှင့်နေပါတယ်။

စစ်ကိုင်းတိုင်းအထက်ပိုင်း၊ အင်းတော်မြို့က စစ်ကောင်စီ နောက်ဆုံးလက်ကျန်စခန်းဖြစ်တဲ့ ဂျပန်လိုဏ်ဂူစခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေက အပြီးသတ်သိမ်းယူပြီး မြို့သိမ်းနိုင်ခဲ့ကြောင်း ဧပြီ ၇ ရက် ညပိုင်းက ကြေညာခဲ့တာပါ။

အင်းတော်မြို့သိမ်းတိုက်ပွဲမှာ စစ်ကောင်စီ တပ်မ ၇၇ တပ်မမှူး ဗိုလ်မှူးချုပ်အောင်သက်ဦး အပါအဝင် စစ်သုံ့ပန်း ၁၀၀ ကျော်ကို တော်လှန်ရေးအစုအဖွဲ့တွေက အရှင်ဖမ်းဆီးနိုင်ခဲ့ပြီး စုံစမ်းစစ်ဆေးတာတွေ စတင်ပြုလုပ်နေပြီလို့ မြေပြင် PDF ရဲဘော်တယောက်က ပြောပါတယ်။

လတ်တလောမှာ စစ်ကိုင်းတိုင်းအတွင်း အင်းတော် အပါအဝင် နယ်မြေစိုးမိုးနိုင်တာ မရှိတော့တဲ့ ဒေသတွေကို ပြန်ထိန်းဖို့ စစ်ကောင်စီက အနောက်မြောက်တိုင်းစစ်ဌာနချုပ်-မုံရွာမှာ တပ်သားအင်အား ၉၀၀ ဝန်းကျင်အထိ ထပ်တိုးချထားတယ်လို့ သိရပါတယ်။

အင်းတော် မြေပြင် PDF တယောက်က “စစ်ဆေးတဲ့ဟာတွေတော့ စစ်ဆေးနေတယ်၊ မေးတော့ မကြည့်ရသေးဘူး၊ မေးတော့ကြည့်ဦးမယ်။ ဒီကနေ့ ကျနော်တို့ သိထားသလောက်က ဝါသဝအုပ်စုက ၅၀၀ ကျော် ပို့ထားတယ်။ တပ်မ ၃၃ ကလည်း ၄၀၀ ကျော် စုစုပေါင်း ၉၀၀ ပတ်ချာလည် နမခမှာ ရှိနေတယ်။ ခင်ဦး-ရေဦးဘက်ကို သူတို့ ထိုးစစ်ဆင်တာ ပြန်လုပ်လာနိုင်တယ်။ အဲဒီနေရာတွေ သူတို့ ပြန်ပြီး ဒုက္ခပေးမယ့်သဘော ရှိတယ်။ နောက်တခုက အင်းတော်၊ အင်းတော်ပြန်ရရေး သူတို့ ကြိုးစားလိမ့်မယ်ထင်တယ်။ အင်းတော် ပြန်မရနိုင်ဘူးဆိုရင်တောင် ကသာ၊ ထီးချိုင့်၊ ဝန်းသိုကို သူတို့ အသည်းအသန် ကာလိမ့်မယ်ဗျာ။ ဝန်းသို-ဗန်းမောက်ပေါ့ဗျာ၊ ကသာကိုတော့ အင်အားတွေ လေယာဉ်တွေနဲ့ ရဟတ်ယာဉ်တွေနဲ့ တောက်လျှောက် ချနေတာတော့ရှိတယ်” လို့ ပြောပါတယ်။

အင်းတော်မြို့ကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နဲ့ ဒေသ PDF တွေက ပူးပေါင်းသိမ်းယူနိုင်ခဲ့တယ် ဆိုပေမဲ့ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မယ့် ပြဿနာနဲ့ သာလွန်အင်အားနဲ့ ထိုးစစ်ပြန်ဆင်တာ အချိန်မရွေး ပြန်ကြုံတွေ့နိုင်တဲ့ အခြေအနေမှာရှိ နေတာပါ။

ဒီအခြေအနေမှာပဲ မြို့ခံပြည်သူတချို့က သူတို့ရဲ့ပိုင်ဆိုင်မှုတွေကို ကြည့်ဖို့ မြို့ထဲကို ပြန်ဝင်နေကြတယ်လို့ သိရပါတယ်။

အင်းတော် မြေပြင် PDF တယောက်က “မြို့ခံတွေ၊ ကျနော်ပြောမယ်ဗျ၊ ဝင်သလောက်တော့ ဝင်တယ်၊ အလုံးစုံကြီးအထိတော့ အားလုံးက ကြောက်နေတာ။ ဥပမာဗျာ လွန်ခဲ့တဲ့ မိနစ်ပိုင်းလေးက ကောလင်းနားမှာ လေယာဉ်နဲ့ကြဲသွားတယ်၊ ညနေပိုင်းမှာ ရွှေဘိုအနောက် မူးကိုင်းကြီးလည်း လေယာဉ်နဲ့ကြဲသွားတယ်၊ Air Strike တွေက တောက်လျှောက်လုပ်နေတဲ့ အခြေအနေမှာ ရဲဘော်တွေ အထိအခိုက် နည်းနိုင်တယ် ဆိုတာက ကျနော်တို့ရဲဘော်တွေက ကတုတ်ကျင်းနဲ့ ဘန်ကာနဲ့ နေတာ၊ ပြည်သူတွေက အိမ်ထဲနေတာလေဗျာ၊ ကျနော်တို့လည်း ဘာမှလုပ်မပေးနိုင်ဘူး။ ဖြစ်သွားပြီဆိုရင် စိတ်မကောင်းပါဘူး၊ RIP ဆိုတာကြီးက ဟုတ်တော့မဟုတ်ဘူးဗျ။ ကျနော်တို့မှာလည်း အလုံးစုံကြီးမဝင်ပါနဲ့၊ အမိန့်ကြီး အာဏာကြီးနဲ့ ပြောရရင်လည်း မဟုတ်ဘူး။ ကျနော်တို့ စိုးရိမ်တာတော့ လူထုအန္တရာယ်ဖြစ်မှာကိုပဲ စိုးရိမ်တာပေ့ါ၊ ကြည့်ကြက်လုပ်ကြပေါ့၊ အဲဒီလိုအခြေအနေပဲရှိတယ်။ နောက် ကန့်သတ်ချက်တွေရှိတယ်။ တခါတလေ တချို့ဟာတွေ ဝင်နေတဲ့ဟာတွေကိုတော့ စိတ်မကောင်းခြင်းများစွာနဲ့ ထိုင်ကြည့်နေရုံကလွဲလို့ ဘာမှမတတ်နိုင်ဘူးခင်ဗျ” လို့ ပြောပါတယ်။

တော်လှန်ရေးအစုအဖွဲ့တွေဟာ အင်းတော်မြို့ကို သိမ်းယူနိုင်ဖို့ အချိန် ၈ လနီးပါး ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရတာပါ။

စစ်ကောင်စီက အင်းတော်မြို့ကိုထိန်းဖို့ ပြည်သူကို အကြမ်းဖက် သတ်ဖြတ်ရာမှာ နာမည်ကြီးတဲ့ တပ်မ ၇၇ ကို အသုံးပြုခဲ့တာ ဖြစ်ပါတယ်။

တပ်မ ၇၇ ဟာ ပြည်သူကို အကြမ်းဖက်သတ်ဖြတ်ရာမှာ နာမည်ကျော်တဲ့တပ်မ ဖြစ်ပေမဲ့ တော်လှန်ရေးအင်အားစုတွေက နိုင်ငံတကာဥပဒေတွေ၊ စစ်ရေးကျင့်ဝတ်တွေနဲ့အညီ ထိန်းသိမ်းပြီး ဥပဒေနည်းလမ်းတကျသာ အရေးယူဆောင်ရွက်သွားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သမ္မတရုံး တာဝန်ရှိသူက ပြောထားပါတယ်။

သုတချမ်းသာ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013