Home
မြန်မာသတင်း
ငလျင်ကြောင့် အိုးဘိုထောင်တွင် နိုင်ကျဉ်း အယောက် ၂၀ အပါအဝင် ၃၀ ထက်မနည်းသေဆုံး၊ ၂၈၀ ကျော် ဒဏ်ရာရ
DVB
·
April 20, 2025

မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ကြောင့် မန္တလေး အိုးဘိုထောင်အတွင်းမှာ နိုင်ငံရေးအကျဉ်းသူ ၁၀ ယောက်နဲ့ အကျဉ်းသား ၁၀ ယောက် အပါအဝင် အကျဉ်းသူ/သား စုစုပေါင်း အယောက် ၃ဝ ထက်မနည်း သေဆုံးခဲ့ပြီး အယောက် ၂၈၀ ကျော် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသူ အကျဉ်းသား ကူညီစောင့်ရှောက်ရေး အဖွဲ့အစည်းတွေက ဧပြီ ၂၀ ရက်မှာ ထုတ်ပြန်ပါတယ်။

အိုးဘိုထောင်အတွင်းက နိုင်ငံရေးအကျဉ်းသူ အကျဉ်းသားတွေဟာ ငလျင်ကပ်ဘေးကို ဆိုးရွားစွာ ထိခိုက်ခံစားခဲ့ကြရပေမဲ့ လက်ရှိအချိန်ထိ ပြည်တွင်းပြည်ပနဲ့ နိုင်ငံတကာ အဖွဲ့စည်းတွေဆီကနေ လူသားချင်းစာနာ ထောက်ထားမှုအကူအညီတွေ မရရှိကြတဲ့အပြင် သတင်းအမှောင်ချခံထားရတယ်လို့လည်း ဆိုပါတယ်။

ဒါ့အပြင် ငလျင်ကြောင့် ပျက်စီးယိုယွင်းနေတဲ့ အကျဉ်းထောင်အဆောက်အအုံတွေအထဲမှာလည်း ဝင်ရောက်နေထိုင်ဖို့ အတင်းအကျပ်စေခိုင်းမှုတွေ ရှိနေပြီး စေခိုင်းမှုကို မနာခံတဲ့ နိုင်ငံရေးအကျဉ်းသူ/သားတွေကို သာယာဝတီထောင်ကို ပြောင်းရွှေ့မယ်လို့ ခြိမ်းခြောက်ဖိနှိပ်မှုတွေ ပြုလုပ်နေကာ ထောင်တွင်းဆေးကုသမှုလည်း လုံလုံလောက်လောက် မရရှိကြဘူးလို့ သိရပါတယ်။

ငလျင်ကြီးရဲ့ နောက်ဆက်တွဲငလျင်တွေကြောင့်လည်း နိုင်ငံရေးအကျဉ်းသူ/သားတွေရဲ့ အကျဉ်းထောင်တွင်း နေထိုင်ရမှုဟာ အချိန်မရွေး သေဆုံးနိုင်ခြေရှိတဲ့ အသက်အန္တရာယ် စိုးရိမ်ရမှုတွေ၊ အာဏာပိုင်တွေရဲ့ ခြိမ်းခြောက်ခံရမှုတွေကြားမှာ နေ့စဉ်နေထိုင်နေကြရတယ်လို့ ဆိုပါတယ်။

ငလျင်ကြောင့် အကျဉ်းထောင်တွေ ပျက်စီးဆုံးရှုံးမှုအတွင်း မန္တလေးမြို့က အိုးဘိုအကျဉ်းထောင်ဟာ ထိခိုက်မှုအများဆုံးဖြစ်ပြီး ထောင်အတွင်းမှာ ရာနဲ့ချီတဲ့ နိုင်ငံရေးအကျဉ်းသူ၊ အကျဉ်းသားတွေ အပါအဝင် အကျဉ်းသားထောင်နဲ့ချီ ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ ဆိုပါတယ်။

ဒါကြောင့် ကမ္ဘာ့ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့တွေအနေနဲ့ မြန်မာနိုင်ငံ အကျဉ်းထောင်တွေထဲက နိုင်ငံရေးအကျဉ်းသားတွေကို အကြမ်းဖက်စစ်အုပ်စုက ရက်ရက်စက်စက် ဖိနှိပ်အကြမ်းဖက်မှုနေတာကို စဉ်ဆက်မပြတ် စောင့်ကြည့်ဖိအားပေးကြဖို့လည်း Political Prisoners Network - Myanmar (PPNM)၊ Assistant Association For Political Prisoners(AAPP)၊ Karenni Political Prisoners Association (KPPA)၊ Women's Organization Of Political Prisoners (WOPP)၊ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့(FPPS) 'နွေဦးတမာန်' နိုင်/ကျဉ်းကူညီစောင့်ရှောက်ရေး အဖွဲ့နဲ့ ထောင်ဝင်စာပို့ကြမယ် အဖွဲ့တို့က ပူးပေါင်းထုတ်ပြန်တောင်းဆိုပါတယ်။

ဧပြီ ၁၄ ရက်၊ ညနေ ၆ နာရီထိ ပြင်းထန်ငလျင်ကြောင့် သေဆုံးသူ ၃,၇၀၆ ယောက်ရှိကာ၊ ဒဏ်ရာရသူ ၅,၀၂၇ ယောက်နဲ့ ပျောက်ဆုံးနေသူအယောက် ၁၃၀ ရှိတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပေမဲ့ အမှန်တကယ် သေဆုံးဒဏ်ရာရမှုဟာ စစ်ကောင်စီက ထုတ်ပြန်ထားတာထက် ပိုမိုများပြားနေပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013