ငလျင်ဒဏ် အပြင်းအထန်ခံလိုက်ရတဲ့ မန္တလေးမြို့မှာ အစ္စလာမ်ဘာသာဝင်တွေစုပေါင်းပြီး အပြစ်ဝန်ချတောင်းပန် ဆုတောင်းပွဲကို ဧပြီ ၁၈ ရက် ဒီနေ့ ပြုလုပ်ခဲ့ပါတယ်။
လူမှုအကျိုးပြု အသင်းအဖွဲ့တခုဖြစ်တဲ့ အလ်ဟာဒီစင်တာ-မြန်မာက ဦးဆောင်ပြီး ၇၅ လမ်း၊ ၃၅ လမ်း တောင်ဘက်ခြမ်း လမ်းမပေါ်မှာ ဒီမနက် ၈ နာရီခွဲက စတင်ပြုလုပ်ခဲ့တာပါ။
တက်ရောက်ခဲ့သူ မန္တလေးဒေသခံ အစ္စလာမ်ဘာသာဝင်တယောက်က “လူသားတွေကျူးလွန်ခဲ့တဲ့ အပြစ်အမှားတွေအတွက် ဘုရားသခင်ဆီမှာ ဝန်ချတောင်းပန်တာ။ အခုဖြစ်နေတာတွေအားလုံး ငြိမ်းချမ်းအဆင်ပြေသွားဖို့အတွက်လည်း ဆုတောင်းတာပေါ့” လို့ ပြောပါတယ်။
ဝန်ချဆုတောင်းပွဲကို အမျိုးသား၊ အမျိုးသမီးနဲ့ ကလေးတွေအပါအဝင် လူပေါင်းရာထောင်ချီ တက်ရောက်ပြီး ဦးဆောင်ဆရာတယောက်နဲ့အတူ ဆုတောင်းကြတာဖြစ်ပါတယ်။
လူအများအပေါ်မှာကျရောက်တဲ့ ဘေးဒုက္ခအခက်အခဲတွေနဲ့ ရင်ဆိုင်လာရချိန်မှာ အစ္စလာမ်ဘာဝင်တွေစုပေါင်းပြီး အပြစ်ဝန်ချဖို့၊ ဆုတောင်းကြဖို့ဆိုတဲ့ အစ္စလာမ်ရဲ့ လမ်းညွှန်ချက်အရ လုပ်တာလို့လည်း အလ်ဟာဒီစင်တာက ပြောပါတယ်။