Home
မြန်မာသတင်း
ချောက်မြို့တွင် အစ္စလာမ်ဘာသာဝင် ၁၄ ဦး ဖမ်းဆီးခံရ
DVB
·
March 19, 2023
336641249_594192819299020_7416888928151469142_n

မကွေးတိုင်း၊ ချောက်မြို့မှာကျင်းပမယ့်  အစ္စလာမ်ဘာသာ၀င်တွေရဲ့ ဂျဲလ်ဆာ (ဘွဲ့နှင်းသဘင်) အခမ်းအနားတက်ဖို့ ရောက်နေတဲ့ အစ္စလာမ်ဘာသာဝင်တွေနဲ့ ဒေသခံတွေ အပါအဝင် ၁၄ ယောက် ကို  မတ် ၁၈ ရက်မှာ စစ်တပ်က ဖမ်းဆီးသွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။

မနေ့ မနက် ၃ နာရီလောက်မှာ မွတ်စလင် ဧည့်သည်နဲ့ အိမ်ရှင်တွေကို အကြောင်းပြချက် တစုံတရာမပေးဘဲ လာရောက်ဖမ်းသွားတာလို့  ဒေသခံ တဦးပြောပါတယ်။

ဖမ်းဆီးခံရသူရဲ့ မိသားစုဝင်တဦးက "အခုဖမ်းသွားတဲ့သူတွေက ချောက်မြို့က ချမ်းသာတဲ့ အစ္စလာမ်ဘာဝင်တွေ ချည်းပဲ။ မှတ်ပုံတင် စစ်တယ် မှတ်လို့ မှတ်ပုံတင်ထုတ်ပြတော့လည်း မဟုတ်ဘူး။ အဝတ်အစား တစုံစီ အပို ထည့်ခိုင်းပြီး  တက်တက်ဆိုပြီး ကားနဲ့တန်းခေါ်သွားတာ။ ဖမ်းသွားတဲ့အထဲမှာ တောင်တွင်းမြို့ကလာတဲ့  ဗလီဆရာတယောက်လည်းပါသွားတယ်။ ဘာသာရေးကျောင်းမှာ  စာမေးပွဲတခုရှိတယ်။ အဲဒါဖြေပြီးရင်  သူတို့က  ဒီနေ့(မတ် ၁၈ရက်) နေ့လယ် ၁ နာရီကို ဂျဲလ်ဆာနဲ့ ဆုပေးပွဲ၊ ဘွဲ့ပေးပွဲလေး တခု ရှိလို့ ရောက်နေကြတာ ဖမ်းသွားတဲ့အထဲမှာ မိန်းကလေးငယ်တွေလည်း ပါသွားတော့ စိုးရိမ်နေရတယ်။ ခုထိ အဆက်အသွယ်မရသေးဘူး ''လို့ ဆိုပါတယ်။

ဖမ်းဆီးခံရသူတွေထဲမှာ အမျိုးသား ၇ ယောက်နဲ့ အမျိုးသမီး ၇ ယောက် ပါဝင်ပြီး  တယောက်ကတော့ ပျောက်နေတဲ့အကြောင်းနဲ့ ဘာကြောင့် ဖမ်းဆီးတယ်၊ ဘယ်မှာ ဖမ်းဆီးထား တယ်ဆိုတာ စုံစမ်းလို့မရသေးဘူးလို့ ဒေသခံပရဟိတအဖွဲ့ဝင်က ပြောပါတယ်။ 

မြန်မာနိုင်ငံက အစ္စာလမ်ဘာသာရေးကျောင်းရှိတဲ့ မြို့တွေမှာ  ဂျဲလ်ဆာဘွဲ့ကို တစ်နှစ် တစ်ခါ ပေးလေ့ရှိပြီး အဲဒီဘွဲ့ရပြီးပါက ဗလီဆရာ၊ မော်လဝီနဲ့ ဟာဂျီ အဆင့်တက်ရောက် ယူကြရတာ ဖြစ်ပါတယ်။

ဇန်နဝါရီ ၂၅ ရက်ကလည်း  ပခုက္ကူမြို့ကို အမဲလိုင်စင်လေလံဆွဲဖို့လာတဲ့ ချောက်မြို့က အစ္စလာမ်ဘာသာဝင်အမျိုးသား သုံးယောက်ကို အမည်မသိ လူတစုက သတ်ဖြတ်ပြီး ငွေကျပ်သိန်း ၁၅၀၀ နဲ့ ပရာဒိုကားကို ယူဆောင်သွားခဲ့ပါတယ်။

အဲဒီအမှုကိစ္စကိုလည်း ဒီနေ့အထိ ချောက်ရဲစခန်းက ဖော်ထုတ် ဖမ်းဆီး အရေးယူနိုင်ခြင်းမရှိသလို အခု အစ္စလာမ်ဘာသာဝင်တွေ  အဖမ်းခံရတဲ့ကိစ္စနဲ့ ပတ်သက်လို့  ဆက်သွယ်မေးမြန်းရာမှာလည်း ရဲစခန်းက ဖုန်းကိုင်ဖြေဆိုမယ့်သူ မရှိခဲ့ပါဘူး။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013