Home
မြန်မာသတင်း
ကော့ကရိတ်မြို့နယ်၌ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးကြောင့် ဒေသခံသောင်းချီ ထွက်ပြေး
DVB
·
April 18, 2025

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်တွင်းက ကျေးရွာတွေကို စစ်ကောင်စီတပ်က ရင်ကွဲတောင် လမ်းပိုင်းကနေ မြေပြင်လက်နက်ကြီးအပြင် လေကြောင်းကပါ ဗုံးကြဲတိုက်ခိုက်နေလို့ သောင်းနဲ့ချီတဲ့  ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

ဒါ့အပြင် ဟောင်သရောမြစ်ကမ်းဘေးတလျှောက်က ကျေးရွာတွေကို ရေပြင် စစ်သင်္ဘောကနေ အမြောက်နဲ့ ပစ်ခတ်နေတဲ့အပြင် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတာကြောင့် သောင်းနဲ့ချီတဲ့ ဒေသခံတွေဟာ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

လက်ရှိမှာလည်း ကျုံဒိုးမြို့အနီးမှာ KNU ဦးဆောင်ပြီး စစ်ကောင်စီတပ်တွေနဲ့ တိုက်ပွဲတွေ ပြင်းထန်နေပြီး စစ်ကောင်စီက မြေပြင်နဲ့ ဝေဟင်ကပါ တိုက်ခိုက်နေပါတယ်။

စစ်ရှောင်အရေး ကူညီပေးနေသူတယောက်က “ညက ကင်းထောက်လေယာဉ်နဲ့ ဗုံးကြဲလေယာဉ်က လှည့်နေတယ်။ စစ်သင်္ဘောကလည်း ပစ်နေတယ်။ သူတို့က သံတံတား ကောလမုထိပ်ကနေ ပစ်ထုတ်နေတာ။ ဘယ်ကျလဲမသိဘူး။ လေကြောင်းကတော့ နေ့ည နေ့တိုင်းပဲ ဝဲနေတာ။ ထွက်ပြေးနေတဲ့သူတွေက အခုက သံလှယ်ဘက် ရောက်တဲ့သူ ရှိတယ်။ လူက သောင်းကျော်မယ်။ ကမ်းနီတခုတည်းနဲ့ အိမ်ခြေက ထောင်ကျော်ရှိတယ်။ ကမ်းနီ၊ သရက်တော၊ ကော့ရွာတောက်လျှောက် မင်းဆုံအထိက အကုန်လုံး ဗုံးလိုက်ကြဲနေတဲ့ အခါကျတော့  ထွက်ပြေးနေရတဲ့ ပုံစံမျိုး ဖြစ်နေတယ်” လို့ ပြောပါတယ်။

ဧပြီ ၁၇ ရက် မနက် ၉ နာရီလောက်က စစ်ကောင်စီက ကော့ကရိတ်မြို့နယ်၊ ကမ်းနီကျေးရွာနဲ့ သရက်တောကျေးရွာကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

လေကြောင်းတိုက်ခိုက်မှုကြောင့် သရက်တောကျေးရွာက ပြည်သူတယောက် သေဆုံးပြီး  ကလေး ၂  ယောက် ထိမှန်ဒဏ်ရာတွေ ရရှိခဲ့တဲ့အပြင် နေအိမ်တွေပါ ထိမှန်ပျက်စီးခဲ့ပါတယ်။

ဒါ့အပြင် ဧပြီ ၁၇ ရက် မနက်ပိုင်းကစပြီး တောင်ကြာအင်းကျေးရွာ စာသင်ကျောင်း၊ ဘုန်းကြီးနဲ့ နေအိမ်တွေကို လေယာဉ်နဲ့ ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။ အခုလို အရပ်သား ပစ်မှတ်တွေကို လေယာဉ်နဲ့ဗုံးကြဲတာ မလုပ်သင့်ဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံတယောက်က “တိုက်ပွဲဖြစ်တာက သူတို့ လက်နက်ကိုင် ၂ ဖွဲ့ဖြစ်တာက ပြဿနာမရှိဘူး။ တိုက်ကြလို့ရတယ်။ သူတို့ အခုလုပ်နေတဲ့ပုံစံက တဘက်က အရပ်သားပစ်မှတ်တွေကို လေယာဉ်နဲ့ ဗုံးကြဲတာ၊ တော်လှန်ရေးတပ်ဖွဲ့တွေ ရှိနိုင်တယ်။ ရှိနေတယ် ဆိုပြီး သူတို့ထင်တဲ့နေရာတွေ ပြီးတော့ တော်လှန်ရေးတပ်ဖွဲ့တွေကို အားပေးအားမြှောက် လုပ်တယ်ဆိုတဲ့ ရွာတွေအပေါ်ကို စစ်ရေးပစ်မှတ်အနေနဲ့ ထားပြီး လေယာဉ်နဲ့ ဗုံးကြဲတာတွေ လက်နက်ကြီးနဲ့ ပစ်တာတွေ လုပ်တာကတော့ ဒါက မလုပ်သင့်ဘူး၊ မလုပ်ရဘူးလို့ ငါတို့က ပြောချင်တယ်” လို့ ပြောပါတယ်။

ဧပြီ ၁၅ ရက် မနက် ၁၁ နာရီခွဲလောက်က ကော့ကရိတ်မြို့နယ်၊ ကမ်းနီကျေးရွာ၊ ဘုန်းကြီးကျောင်းကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲချ တိုက်ခိုက်ခဲ့ပါတယ်။

ဗုံးကြဲတိုက်ခိုက်တာကြောင့် သင်္ကြန်အကြတ်နေ့ ဘုန်းကြီးကျောင်းကို ဥပုသ်သီလယူဖို့ ရောက်ရှိနေတဲ့ ကလေးငယ် ၄ ယောက် အပါအဝင် ပြည်သူ ၆ ယောက် သေဆုံးပြီး သံဃာ ၃ ပါးနဲ့ ကိုရင် ၇ ပါး အပါအဝင် ပြည်သူ ၁၇ ယောက် မော်လမြိုင်ဆေးရုံကြီးမှာ ဆေးကုသမှု ခံယူနေရပါတယ်။

အောင်ခန့်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013