
တော်လှန်ရေးနယ်မြေတခုက ဆေးခန်းမှာ သင်္ကြန်အတက်နေ့ကမွေးမယ့် စစ်ဘေးရှောင် မွေးလူနာကို သူနာပြုဆေးတပ်သားတွေက သင်္ကြန်သီချင်းတွေဖွင့်ပြီး ဖျော်ဖြေအားပေးနေတဲ့ ဗွီဒီယိုဟာ လူမှုကွန်ရက်မှာ ရေပန်းစားနေပါတယ်။
ဗွီဒီယိုကိုတင်သူ ဒေါက်တာ ကေမတ်စ်က “စစ်ကိုင်းတိုင်းထဲက စစ်ဘေးရှောင် ယာယီဆေးရုံလေးမှာပါ။ ကျနော်နဲ့ ဆေးတပ်သားတွေက အများအားဖြင့် နယ်လှည့်နေရတာမို့ နေရာအတည်တကျ မရှိပါဘူး။ စိတ်ဓာတ်မြှင့်တင်ရေးအနေနဲ့ စစ်ဒေသ ၁ တခုလုံး ပတ်သွားနေရတာ များပါတယ်။ ရောက်တဲ့နေရာမှာ ဆေးခန်းလေးဖွင့်ပြီး စစ်ဘေးရှောင်လူနာတွေ ကြည့်ပေး၊ ကုပေးဖြစ်ပါတယ်။ အဲဒီနေ့က ကျနော်က တခြားအနီးအနားမှာ အရေးပေါ်လူနာရှိလို့ သွားကူပေးနေတာပါ။ အဲအချိန် မွေးလူနာရောက်လာတော့ တပည့်ဆေးတပ်သားတွေက မွေးပေးလိုက်ကြတာပါ။ သီချင်းဖွင့်ရင်း မွေးတာကတော့ အခုမှမဟုတ်ပါဘူး။ ကလေးမွေးတိုင်း လူနာအာရုံပြောင်းအောင် ခုလိုပဲ ကကြခုန်ကြနဲ့ အားပေးကြတာပါ။ ဒီတခါတော့ ကျနော်မပါဘဲ ဆေးတပ်သားလေးတွေချည်း အဆင်ပြေအောင် မွေးလိုက်ကြတာပါ။ အတူအလုပ်လုပ်တာကြာတော့ တပည့်တွေက စိတ်ချနေရပါပြီ” လို့ ပြောပါတယ်။
မွေးလာတဲ့ သမီးကလေးကို ဝိုင်းစုသင်္ကြန်ကေ (အိမ်နာမည် အတက်လေး) လို့ အမည်ပေးလိုက်ပြီး ‘ပြန်ရောက်တော့ လူနာစောင့်တွေက ပြောကြတယ်။ ကလေးအမြန်ယူပြီး မွေးကြမလို့တဲ့’ ဆိုပြီးတော့လည်း သူ့ရဲ့ဖေ့စ်ဘွတ်ခ်မှာ ရေးသားမျှဝေထားပါတယ်။
Video : K Mask