
စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေးနေရတဲ့ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းက စစ်ဘေးရှောင် ၃၀,၀၀၀ ကျော်ဟာ သောက်သုံးရေ၊ ဆေးဝါး၊ စားနပ်ရိက္ခာနဲ့ နေထိုင်စားသောက်ဖို့အတွက် အခက်အခဲဖြစ်နေလို့ အကူအညီလိုအပ်နေတယ်လို့ စစ်ဘေးရှောင်တွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလနှောင်းပိုင်းကစတင်ကာ ကလေးမြို့နယ်တောင်ပိုင်းက ကျေးရွာတွေကို စစ်ကောင်စီတပ်က လေကြောင်းကနေ တိုက်ခိုက်ခဲ့တဲ့အတွက် ဒေသခံတွေဟာ တောတောင်တွေအတွင်းက လေကြောင်းရန်လွတ်မယ်နိုင်မယ့် ချောင်းတွေ၊ မြောင်းတွေကြားမှာ ၃ လနီးပါး နေထိုင်နေကြရပါတယ်။
စစ်ဘေးတိမ်းရှောင်လာတဲ့သူတွေထဲမှာ သက်ကြီးရွယ်အိုတွေ၊ မသန်စွမ်းတွေ၊ မီးဖွားခါနီး ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ ကျန်းမာရေးချို့တဲ့နေသူတွေရှိကြပြီး စစ်ဘေးတိမ်းရှောင်ရင်း ဆေးကုသခွင့်မရလို့ သေဆုံးသွားရတဲ့ သက်ကြီးရွယ်အိုတွေလည်း ရှိခဲ့တယ်လို့ ကလေးမြို့နယ်လူသားစာနာတာဝန်ခံက ပြောပါတယ်။
ရွာပေါင်း ၃၀ လောက်က ဒေသခံတွေ တိမ်းရှောင်နေကြရတာဖြစ်ပြီး စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ မကြာခဏ ရှိနေတဲ့အတွက် နေရပ်မပြန်နိုင်ကြသေးတာလို့ ဆိုပါတယ်။
လက်ရှိမှာ ရာသီဥတု ပူပြင်းခြောက်သွေ့လာတာနဲ့အတူ ရေရှားပါးမှုနဲ့ပါ ရင်ဆိုင်နေရပြီး ရေမသန့်ရှင်းတဲ့အတွက် ဝမ်းရောဂါနဲ့ အရေပြားရောဂါ ဖြစ်ပွားသူတွေလည်း ရှိနေတယ်လို့ စစ်ရှောင်တွေက ပြောပါတယ်။
ကလေးမြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ နေအိမ်မီးရှို့ဖျက်ဆီးမှုကြောင့် ဒေသခံနေအိမ် ၃၀,၀၀၀ ကျော် မီးလောင်ဆုံးရှုံးထားပြီး ဒေသတွင်း စစ်ဘေးရှောင် ၁၆၀,၀၀၀ ကျော်အထိ ရှိနေတယ်လို့ စစ်ဘေးရှောင်အရေးကူညီနေသူတွေရဲ့ စာရင်းအရ သိရပါတယ်။
ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ ၂၀၂၅ ခု ဖေဖော်ဝါရီ ၁၉ ရက် ထုတ်ပြန်တဲ့ စားရင်းအရ အာဏာသိမ်းပြီးနောက် နိုင်ငံတဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ သန်းခွဲ ကျော်ရှိနေတယ်လို့ သိရပါတယ်။
လင်းအိမ်