
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်တွင်းက ကျေးရွာတွေကို စစ်ကောင်စီတပ်က မြေပြင် လက်နက်ကြီးအပြင် လေကြောင်းကပါ ဆက်တိုက် ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကော့ကရိတ်မြို့နယ်တွင်းက ရေပူကြီး၊ ကော့ဝါလဲ၊ ဝင်းပြ၊ နောင်တမံ၊ သမိန်ဒွတ်၊ တောင်ကမ္ပရိုက်၊ မိဂလုံ ကျေးရွာတွေကို စစ်ကောင်စီက ရင်ကွဲတောင်လမ်းပိုင်းကနေ မြေပြင် လက်နက်ကြီးအပြင် လေကြောင်းကပါ ဗုံးကြဲတိုက်ခိုက်နေတာပါ။
လက်ရှိမှာလည်း ကျုံဒိုးမြို့အနီးမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲတွေ ပြင်းထန်နေပြီး စစ်ကောင်စီက မြေပြင်နဲ့ ဝေဟင်ကပါ တိုက်ခိုက်နေတာပါ။
ဒေသခံတယောက်က “လက်နက်ကြီးနဲ့ ဝေးရာ လွတ်ရာကျွတ်ရာကို ရှောင်တယ်။ တကယ် အန္တရာယ်ကင်းလားဆိုတော့ အန္တရာယ်မကင်းဘူး။ သူတို့ရဲ့ ပစ်မှတ်ထဲမှာ ရောက်နေရင်တော့ အနည်းနဲ့ အများကတော့ လေယာဉ်နဲ့ ဗုံးကြဲတာမျိုး၊ လက်နက်ကြီးနဲ့ လှမ်းပစ်တာမျိုး၊ မတော်တဆ ထိခိုက်တာတွေ သေဆုံးတာတွေ ရှိတယ်။ လက်ရှိအခြေအနေမှာတော့ တပ်မဟာ ၆ ဘက်က ကျေးရွာတော်တော်များများ လွတ်ရာ ကျွတ်ရာ ရှောင်ကြတယ်” လို့ ပြောပါတယ်။
ကျုံဒိုးမြို့ အပါအဝင် ရေပူ၊ ငါးတိုင်၊ လေးတိုင်၊ ညီညာသာလင်း၊ အင်းကြီး၊ နို့ဖာဒိုး စတဲ့ ကျေးရွာက ထောင်နဲ့ချီတဲ့ ဒေသခံတွေဟာ ဘားအံမြို့နယ်တွင်းက ကျေးရွာတွေနဲ့ နီးစပ်ရာ နေရာတွေကို ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
ဒါ့အပြင် ဧပြီ ၁၇ ရက် မနက် ၉ နာရီလောက်ကလည်း စစ်ကောင်စီက ကော့ကရိတ်မြို့နယ်၊ ကမ်းနီကျေးရွာနဲ့ သရက်တောကျေးရွာကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။
လေကြောင်းတိုက်ခိုက်မှုကြောင့် သရက်တောကျေးရွာက ပြည်သူတယောက် ထိမှန်သေဆုံးခဲ့တယ်လို့ စစ်ရှောင်အရေး ကူညီပေးနေသူက ပြောပါတယ်။
“လေကြောင်းက တိုက်ပွဲဖြစ်တာမဟုတ်ဘဲ ကမ်းနီမှာ ဗုံးထပ်ကြဲတယ်။ လူက အထိအခိုက် ရှိတယ်။ လောလောဆယ် စာရင်းယူလို့ မရသေးဘူး။ လူက တယောက်သေတယ်လို့ ကြားတယ်။ ကမ်းနီ၊ သရက်တော မြစ်ရိုးတောက်လျှောက် ကြဲသွားတယ်။ တိုက်ပွဲက အဲဒီမှာ မဖြစ်ဘူး။ ကျုံဒိုး အပေါ်အခြမ်းမှာပဲ ဖြစ်တယ်။ ကမ်းနီက ရပ်မိရပ်ဖတွေ ထိုင်မလို့ရှိသေး ဗုံးကြဲလိုက်တယ်။ လူစုမြင်တာနဲ့ ဗုံးကြဲထည့်လိုက်တယ်။”
လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုအတွင်း ဒေသခံတွေ ထွက်ပြေး တိမ်းရှောင်နေရတာကြောင့် ဒဏ်ရာရရှိသူ စာရင်းမပြုစုနိုင်သေးဘူးလို့ စစ်ရှောင်အရေး ကူညီပေးနေသူတွေက ပြောပါတယ်။
ဧပြီ ၁၅ ရက် မနက် ၁၁ နာရီခွဲလောက်ကလည်း ကမ်းနီကျေးရွာ၊ ဘုန်းကြီးကျောင်းကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲချ တိုက်ခိုက်ခဲ့ပါတယ်။
ဗုံးကြဲတိုက်ခိုက်တာကြောင့် သင်္ကြန်အကြတ်နေ့ ဘုန်းကြီးကျောင်းကို ဥပုသ်သီလယူဖို့ ရောက်ရှိနေတဲ့ ကလေးငယ် ၄ ယောက် အပါအဝင် ပြည်သူ ၆ ယောက် သေဆုံးပြီ သံဃာ ၃ ပါးနဲ့ ကိုရင် ၇ ပါး အပါအဝင် ပြည်သူ ၁၇ ယောက် မော်လမြိုင်ဆေးရုံကြီးမှာ ဆေးကုသမှု ခံယူနေရပါတယ်။
အောင်ခန့်