
စစ်ခေါင်းဆောင်က လက်ရှိတာဝန်ထမ်းဆောင်နေတဲ့ ဗိုလ်ချုပ်ကြီးတွေ၊ ဒုဗိုလ်ချုပ်ကြီးတွေနဲ့ အငြိမ်းစား ဒုဗိုလ်ချုပ်ကြီးတွေရဲ့ ဇနီးမယားတွေကို ဧပြီ ၁၇ ရက်က သီဟသုဓမ္မသိင်္ဂီဘွဲ့ ပေးအပ်ချီးမြှင့်လိုက်ပါတယ်။
အာဏာရှင်ဟောင်း ဦးသန်းရွှေ လက်ထက်က သာသနာရေးဝန်ကြီးတာဝန် ထမ်းဆောင်ခဲ့တဲ့ အငြိမ်းစားဗိုလ်မှူးချုပ် သူရမြင့်မောင်ကို သီဟသုဓမ္မမဏိဇောတဓရဘွဲ့ ပေးခဲ့ပြီး ဗိုလ်ချုပ်ကြီး ၉ ယောက်၊ ဒုဗိုလ်ချုပ်ကြီးတယောက်၊ အငြိမ်းစားဒုဗိုလ်ချုပ်ကြီး ၃ ယောက်နဲ့ ဗိုလ်ချုပ်တယောက်ရဲ့ ဇနီးတွေကို သီဟသုဓမ္မသိင်္ဂီဘွဲ့ ပေးခဲ့တာပါ။
ဒါ့အပြင် လက်ရှိ တာဝန်ထမ်းဆောင်နေတဲ့ ဗိုလ်ချုပ်ကြီးကျော်စွာလင်းရဲ့ဇနီး ဒေါက်တာ ဒေါ်နန်းကူးကူ၊ ဗိုလ်ချုပ်ကြီးအောင်လင်းဒွေးရဲ့ဇနီး ဒေါ်ဥမ္မာမြင့်၊ ဗိုလ်ချုပ်ကြီးရဲဝင်းဦးရဲ့ဇနီး ဒေါ်နီလာ၊ ဗိုလ်ချုပ်ကြီးမြထွန်းဦးရဲ့ ဇနီး ဒေါ်သက်သက်အောင်၊ ဗိုလ်ချုပ်ကြီးတင်အောင်စန်းရဲ့ ဇနီး ဒေါ်သန်းသန်အေး၊ ဗိုလ်ချုပ်ကြီးမောင်မောင်အေးရဲ့ဇနီး ဒေါ်ဝါဝါသင်း၊ ဗိုလ်ချုပ်ကြီး ညိုစောရဲ့ဇနီး ဒေါ်စမ်းစမ်းအေး၊ ဗိုလ်ချုပ်ကြီးမိုးအောင်ရဲ့ဇနီး ဒေါက်တာအေးခိုင်ညွန့်၊ ဗိုလ်ချုပ်ကြီးထွန်းအောင်ရဲ့ ဇနီး ဒေါ်တင်မိုးနွယ်နဲ့ ဒုဗိုလ်ချုပ်ကြီးရာပြည့်ရဲ့ဇနီး ဒေါ်သဉ္ဇာဝင်းစိန် တို့ကို သီဟသုဓမ္မသိင်္ဂီဘွဲ့ ပေးခဲ့ပါတယ်။
ဒီလိုဘွဲ့ပေးတာနဲ့ပတ်သက်ပြီး အငြိမ်းစားအရာရှိတယောက်က “စစ်တပ်မှာရှိတဲ့ ဗိုလ်ချုပ်ကြီးတွေနဲ့ တာဝန်ကနားသွားတဲ့ ဒုဗိုလ်ချုပ်ကြီး ဘယ်လောက်ချမ်းသာလဲဆိုတာ ဒီဘွဲ့က သက်သေပြနေတယ်။ လက်အောက်ငယ်သားဘဝက တပ်ကထွက်ရင် လှူဖို့မပြောနဲ့ နေစရာအိမ်တောင် မရှိဘူး” လို့ သုံးသပ်ပြောဆိုပါတယ်။
ဒါ့အပြင် စစ်တပ်က အငြိမ်းစားယူသွားပြီဖြစ်တဲ့ ဒုဗိုလ်ချုပ်ကြီးအောင်ထွေးရဲ့ ဇနီး ဒေါ်ခင်နှင်းဝေ၊ ဒုတိယဗိုလ်ချုပ်ကြီးခင်မောင်သန်းရဲ့ဇနီး ဒေါ်မာလာတင့်၊ ဒုတိယဗိုလ်ချုပ်ကြီးရဲမြင့်ရဲ့ဇနီး ဒေါက်တာဒေါ်တင်လင်းမြင့်နဲ့ ဗိုလ်ချုပ်တင်ငွေရဲ့ ဇနီး ဒေါ်နန်းခင်လှဝင်း တို့ကိုလည်း သီဟသုဓမ္မသိင်္ဂီဘွဲ့ ပေးခဲ့တာပါ။
လက်ရှိ တာဝန်ထမ်းဆောင်နေတဲ့ ဗိုလ်ချုပ်ကြီးတွေ၊ ဒုတိယဗိုလ်ချုပ်ကြီးတွေနဲ့ အငြိမ်းစားယူသွားပြီဖြစ်တဲ့ ဒုဗိုလ်ချုပ်ကြီးတွေရဲ့ မိန်းမတွေဟာ သာသနာတော်သုံးရပ် တိုးတက်ထွန်းကားစေဖို့ စွမ်းစွမ်းတမံ ထောက်ပံ့လှူဒါန်းခဲ့လို့ ဒီဘွဲ့ပေးတာလို့ စစ်ခေါင်းဆောင်က ပြောထားပါတယ်။