
NLD အစိုးရလက်ထက်မှာ ရန်ကုန်တိုင်းဝန်ကြီးချုပ်က ဦးစီးကြီးမှူးပြီး ပြည်သူ့ရင်ပြင်မှာ နှစ်စဥ် နှစ်ဦးတရားပွဲဆိုပြီး တရားပွဲကြီး ဝှဲချီးကျင်းပခဲ့ပါတယ်။ အကြောင်းအပေါင်းသင့်လို့ အဲဒီတရားပွဲကို ကျနော် နှစ်ကြိမ် သွားရောက်နာယူခွင့် ကြုံခဲ့ပါတယ်။ ကျနော့်အမြင်အရတော့ အဲဒီတရားပွဲဟာ မြန်မာ့သမိုင်းတလျှောက်မှာ အကြီးဆုံးတရားပွဲ ဖြစ်မယ် ထင်ပါတယ်။ တရားပွဲက ၃ ည ကျင်းပတာဖြစ်ပြီး တညကို ဆရာတော်တပါး ဟောကြားပါတယ်။ ဆရာတော်တွေက မြန်မာပြည်တလွှား အလွန်အင်မတန်မှ လူသိများ ထင်ရှားကျော်ကြားလှတဲ့ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ ဗန်းမော်ဆရာတော်ကြီး၊ သပိတ်အိုင်/သဲကုန်း/သီတဂူ အမည်တွေနဲ့ လူတွေ သိကြတဲ့ ဆရာတော် ဦးဉာဏိဿရနဲ့ ပါမောက္ခချုပ်ဆရာတော်လို့ လူတွေသိထားကြတဲ့ ဆရာတော် ဦးနန္ဒမာလာဘိဝံသတို့ ဖြစ်ကြပါတယ်။
တရားပွဲကျင်းပရာ ပြည်သူ့ရင်ပြင် ဆိုတာက ရွှေတိဂုံစေတီနဲ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကြား ရန်ကုန်-ပြည် အင်းစိန်လမ်းမကြီးပေါ်မှာ တည်ရှိတဲ့ ဧရာမမြေကွက်လပ်ကြီး ဖြစ်ပါတယ်။ တရားပွဲကျင်းပနေချိန်မှာ တရားနာပရိသတ်တွေ မျက်နှာမူထားရာဘက်မှာက ဆလိုက်မီးတွေထိုးပြီး ထွန်းညှိပူဇော်ထားလို့ မြေပြောင်မှာ ရွှေတောင်ကြီးပေါက်နေသလို အလွန်တင့်တယ် သပ္ပါယ်လှတဲ့ ရှေ့ဘုရားလေးဆူတို့ရဲ့ ဓာတ်တော်များ ဌာပနာထားရာ ရွှေတိဂုံစေတီတော်မြတ်ကြီး၊ ကျောပေးထားရာဘက်မှာက နိုင်ငံရဲ့ အချုပ်အခြာအာဏာနဲ့ ပြည်သူတွေရဲ့ အာဏာပိုင်စိုးမှုကို ဖော်ကျူးရာ လွှတ်တော်အဆောက်အဦကြီး။ မြန်မာပြည်သူတွေအတွက် အေးချမ်းတည်ငြိမ်မှုနဲ့ ဂုဏ်ယူဝင့်ကြွားမှုကို တချိန်တည်း တပြိုင်တည်းမှာ ခံစားရစေနိုင်တဲ့ နေရာနဲ့ အစီအစဥ် အခင်းအကျင်း ဖြစ်ပါတယ်။
တရားပွဲက ကြီးကျယ်ခမ်းနား သိုက်မြိုက် စည်ကားလှပါတယ်။ တရားဟောစင်မြင့်ရဲ့ ရှေ့ဘက်မှာ တရားနာပရိသတ်တွေ ထိုင်ပြီး တရားနာယူဖို့ အခင်းတွေ ခင်းထားတဲ့ နေရာက ကျယ်ပြန့်လှပြီး အလှည့်ကျ ဆရာတော်ဟောတဲ့ တရားကို မကြားရသူ မရှိစေဖို့ ရည်ရွယ်ချက်နဲ့ အဲဒီပွဲခင်းကြီးရဲ့ မင်းလမ်းမကြီးနဲ့ကြား လမ်းတွေတလျှောက် ထပ်ဆင့်အသံချဲ့စက်ကလေးတွေ တပ်ဆင်ထားတဲ့ တိုင်တွေကလည်း များပြားလှတာကြောင့် ကျနော် ပထမဆုံးရောက်သွားတဲ့ညမှာ ခင်းထားတဲ့နေရာ ပြည့်အောင် ပရိသတ်တွေ လာပါ့မလားလို့ သံသယဝင်မိပါတယ်။ ဒါပေမဲ့ တရားပွဲလည်းစရော ပရိသတ်က အဲဒီပွဲခင်းကြီးတခုလုံး ပြည့်ရုံမက လျှံတောင်လျှံသွားလို့ နေရာမရတဲ့ တရားနာပရိသတ်တွေအတွက် အခင်းသစ်တွေ လိုက်ခင်းပေးနေရတာကို ကျနော် တွေ့လိုက်ရပါတယ်။ တရားပွဲမစမီ ဟိုဟိုဒီဒီ လျှောက်ကြည့်ရင်း အလှူခံမဏ္ဍပ်တွေဘက် ရောက်သွားတော့လည်း များပြားလှတဲ့ အကျိုးတော်ဆောင်တွေဟာ တယောက်မှ မနားရအောင် အလှူငွေတွေ လက်ခံနေကြရတာကို တွေ့ရပါတယ်။ တာဝန်ရှိသူတဦးက ညစဥ်ရရှိတဲ့ အလှူငွေစာရင်းကို ကြေညာပေးလို့ ညစဥ် အလှူငွေ သိန်းထောင်ချီ ရရှိကြောင်း သိရပါတယ်။ တရားပွဲမစခင်မှာ ဝေယျာဝစ္စကုသိုလ်ယူသူတွေက ရေသန့်ဘူး၊ အချိုရည်ဘူး၊ စနိုးတာဝါ၊ ယပ်တောင်နဲ့ တရားစာအုပ်ကလေးတွေ ထည့်ထားတဲ့ အိတ်ကလေးတွေကို ပရိသတ်တိုင်းကို လိုက်ဝေပေးနေကြတာကြောင့် ပရိသတ်တွေအတွက် ရေငတ်တဲ့၊ ပူအိုက်တဲ့ ဒုက္ခတွေလည်း ငြိမ်းပါတယ်။ ဒါတင်မကသေးပါဘူး။ ရန်ကုန်တိုင်းအစိုးရက အသင့်စီစဥ်ပေးထားတဲ့ မော်တော်ယာဥ်တွေကြောင့်လည်း ရန်ကုန်မြို့တွင်းနဲ့ ဆင်ခြေဖုံး မြို့နယ်အသီးသီးက လာရောက်ကြတာဖြစ်တဲ့ တရားနာပရိသတ်အားလုံးအတွက်လည်း အပြန်ခရီးက အဆင်ပြေလှပါတယ်။
NLD အစိုးရလက်ထက်မှာ ကျနော်သိတဲ့ နောက်ထပ် ဧရာမအလှူပွဲကြီးတခုက သံဃာ ၁၀,၀၀၀ ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ဖြစ်ပါတယ်။ ရွှေတိဂုံစေတီတော် ရင်ပြင်ပေါ်က ဆင်းကြွလာကြတဲ့ သံဃာတော်တွေ၊ ကိုရင်တွေ၊ သီလရှင်တွေကို တောင်ဘက်စောင်းတန်းရှေ့မှာ တန်းစီပြီး ဆောက်လုပ်ထားတဲ့ ယာယီတဲတွေက အလှူရှင်တွေက စောင့်ပြီး လှူဖွယ်ဝတ္ထုပစ္စည်းမျိုးစုံကို လှူဒါန်းကြတာ ဖြစ်ပါတယ်။ အဲဒီနေ့မှာ လာတဲ့ လူပရိသတ် အားလုံးကိုလည်း မဏ္ဍပ်ကြီးတွေထိုးပြီး ထမင်းကျွေးပါတယ်။
NLD အစိုးရ ခေါင်းဆောင်တွေက ကျနော် မသိလိုက် မမြင်လိုက်တာတွေ အပါအဝင် အဲသလိုမျိုး ဗုဒ္ဓဘာသာကို အားပေးကူညီပံ့ပိုးမှုကြီးတွေ လုပ်ဆောင်နေတဲ့အချိန်မှာ (စစ်ခေါင်းဆောင်တွေရဲ့ ကျောထောက်နောက်ခံပြုမှုကို ရရှိထားတယ်လို့ လူအများသိရှိထားတဲ့) လူတစုနဲ့ သံဃာတစုကတော့.. အမျိုးဘာသာ သာသနာ ကာကွယ်စောင့်ရှောက်ရေး မဘသ ဆိုတဲ့ ခေါင်းစဥ်အောက်မှာ NLD ဆန့်ကျင်ရေးလုပ်ငန်းကို တိုးတိုးတမျိုး ကျယ်ကျယ်တဖုံ လုပ်နေကြပါတယ်။ သူတို့ရဲ့ (narrative) က NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာလူမျိုး ဗုဒ္ဓဘာသာဝင် မိဘနှစ်ပါးက မွေးဖွားလာသူ၊ အထူးသဖြင့် နိုင်ငံ့လွတ်လပ်ရေး ဗိသုကာကြီးရဲ့ ရင်သွေးဖြစ်ပေမဲ့ လူမျိုးခြားကိုယူပြီး အမျိုးဘာသာ သာသနာရဲ့ သစ္စာကို ဖောက်ဖျက်ခဲ့သူ ဖြစ်တယ်။ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာ့နိုင်ငံရေးထဲက ဖယ်ရှားရမယ်၊ မလွှဲသာ မရှောင်သာလို့ ဒေါ်အောင်ဆန်းစုကြည် အာဏာရလာတာကို မတားဆီးနိုင်ခဲ့ပေမဲ့ သူအာဏာရနေသမျှ ကာလပတ်လုံး နိုင်ငံမှာ ဗုဒ္ဓသာသနာ ကွယ်ပျောက်မယ့်အ န္တရာယ် (မြန်မာနိုင်ငံတဝန်းက အိမ်တွေမှာ ဘုရားစင်တွေ ကွယ်ပျောက်သွားမယ့် အန္တရာယ်) က အမြဲရှိနေတာကြောင့် NLD အစိုးရကို ဖြစ်နိုင်သမျှ နည်းလမ်းပေါင်းစုံနဲ့ ဆန့်ကျင်နှောင့်ယှက်ရမယ် ဆိုတာ ဖြစ်ပါတယ်။
နှစ်ဦးတရားပွဲမှာ ပါဝင်ဟောပြောတဲ့ ဆရာတော်တပါးက စာတတ်ပေတတ် ဗဟုသုတ ကြွယ်ဝတဲ့အပြင် ရှစ်လေးလုံးအရေးတော်ပုံကြီးအတွင်းနဲ့ ရွှေဝါရောင်တော်လှန်ရေးကြီး ပြီးစမှာ အဖိနှိပ်ခံ ပြည်သူတွေရဲ့ ဆန္ဒ အာသီသနဲ့ တထပ်တည်းကျတဲ့ တရားတွေကို ရဲရဲရင့်ရင့် ဟောပြောခဲ့ဖူးသူ ဖြစ်တာကြောင့် ပြည်သူတွေရဲ့ ကြည်ညိုရိုသေမှုကို အခိုင်အမာ ရရှိထားသူ ဖြစ်ပါတယ်။ ဗုဒ္ဓဝင်၊ သာသနာဝင် ဇာတ်တော်တွေကို အကိုးအကားပြုပြီး ထိထိမိမိ ဟောကြားထားတဲ့ အဲဒီဆရာတော်ရဲ့ တရားတွေဟာ ကက်ဆက်တိပ်ခွေခေတ်ကတည်းက တရားနာပရိသတ်တိုင်းရဲ့ အိမ်မှာ တင့်တင့်တယ်တယ် နေရာယူထားခဲ့တာ ဖြစ်ပါတယ်။ ကျနော်ကိုယ်တိုင်လည်း အဲဒီဆရာတော်ရဲ့ တရားတိပ်ခွေဆိုရင် ထွက်သမျှဝယ်ယူပြီး ကြည်ညိုရိုသေစွာ နာကြားလေ့ ရှိခဲ့ပါတယ်။
ဒါပေမဲ့ နောက်ပိုင်းမှာ ဆရာတော်ပြောတဲ့စကားတွေက ကျနော်တို့နားထဲ တမျိုးဖြစ်လာပါတယ်။ ဆရာတော်နဲ့ပတ်သက်ပြီး ကြားနေကျမဟုတ်တဲ့ သတင်းမျိုးတွေလည်း ကြားလာရပါတယ်။ ဒါပေမဲ့ ကျနော် အပါအဝင် ဆရာတော်ရဲ့ တရားနာပရိသတ်တွေကတော့ (ဆရာတော့်အပေါ် လွန်ကဲတဲ့ ရိုသေကြည်ညိုစိတ်နဲ့) အဲဒီစကားတွေဟာ ဆရာတော့်ကို မလိုလားသူတွေက ချဲ့ကားပြီးပြောတဲ့ စကားတွေ ဖြစ်တယ်၊ အဲဒီသတင်းတွေဟာလည်း သတင်းမှားတွေဖြစ်တယ်လို့ပဲ ယူဆခဲ့ကြပါတယ်။ ပုဂံကို ယူနက်စကိုက ကမ္ဘာ့အမွေအနှစ်စာရင်းထဲ ထည့်သွင်းလိုက်တဲ့အပေါ် ဆရာတော်ရဲ့ အယူအဆကို တိတိကျကျ ကြားလိုက်ရတော့မှ ကျနော်ကိုယ်တိုင် ဘယ်လိုကြီးလဲဟ..လို့ ဖြစ်သွားခဲ့တာကို အခုအထိ သတိရနေပါတယ်။ ဒါပေမဲ့ နှစ်ပေါင်းများစွာ ရိုသေကြည်ညို ကိုးကွယ်လာတဲ့ ဆရာတော် ဖြစ်တာမို့ ကျောက်ပေါက်မာကို သနပ်ခါးဖြည့်ပြီး ကြည့်တော့ လှသလို ဖြည့်ကြည့်ပြီး ဆက်လက်ရိုသေ ကြည်ညိုနေခဲ့ပါတယ်။
ဒီလိုနဲ့ ၂၀၂၁ စစ်တပ်ရဲ့ အာဏာလုပွဲ ဖြစ်ပွားခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ ပေါ်ပေါက်ခဲ့ဖူးသမျှ စစ်တပ်အာဏာလုမှုများမှာ အကြောင်းယုတ္တိအားအနည်းဆုံး (တကယ်တော့ အကြောင်းယုတ္တိ လုံးဝမရှိ) အဲဒီအာဏာလုမှုကို ပြည်သူတွေက ငြိမ်းချမ်းစွာ ဆန္ဒပြ ဆန့်ကျင်ကြတော့ စစ်တပ်က ပစ်ခတ်သတ်ဖြတ် နှိမ်နင်း ဖြိုခွဲပါတယ်။ ဖမ်းဆီးခံရသူ အများအပြား နောက်တနေ့မှာ အလောင်းပဲ ပြန်ရပါတယ်။ အဲဒီအချိန်မှာ ကျနော် အထက်မှာ ဖော်ပြခဲ့တဲ့ ဆရာတော်က စစ်ခေါင်းဆောင်အတွက် တရားတပုဒ် ချီးမြှင့်တယ်လို့ ကြားရပါတယ်။ သီဟိုမှာ ဒုဌဂါမဏိမင်းဟာ လူတွေအများကြီး သတ်ခဲ့ပေမဲ့ သူသတ်ခဲ့တဲ့လူတွေထဲမှာ သရဏဂုံတည်သူ (ဗုဒ္ဓတရားတော်ကို ယုံကြည်ကိုးကွယ်သူ) တယောက်မှ မပါတာကြောင့် အဲဒီမင်းမှာ အပြစ်မရှိဘူးလို့ ရဟန္တာကြီးတပါးက ဟောကြားခဲ့တယ်ဆိုတဲ့ တရားပါ။ ဆရာတော်ဟောတဲ့ တရားကို ကိုယ်တိုင်မနာရလို့ အတိအကျ မသိရပေမဲ့ ဒီတရားကနေ ရှေ့ဆက်ပြီးတွေးရင် အာဏာလုစစ်တပ်ရဲ့ သတ်ဖြတ်မှုတွေဟာလည်း အပြစ်မရှိဘူးဆိုတဲ့ အဓိပ္ပါယ်ပါ။ အဲဒီတရားဟောတဲ့သတင်း ကြားရတော့ ကျနော် ရှော့ခ်ရသွားပါတယ်။ ကျနော့်လိုပဲ ဆရာတော်ကို နှစ်ပေါင်းများစွာ ရိုသေကြည်ညို ကိုးကွယ်လာကြသူ အားလုံးလည်း ရှော့ခ်ရသွားကြလိမ့်မယ် ထင်ပါတယ်။ ဒါတင်မကသေးပါဘူး။ အဒိန္နဒါနကံ၊ မုသာဝါဒကံနဲ့ ပါဏာတိပါတကံတွေကို နေ့စဥ်နေ့တိုင်း (အသေအချာ) ကျူးလွန်နေတဲ့ စစ်ခေါင်းဆောင်ကို ဆရာတော်က… သဒ္ဓါ ပညာနဲ့ ပြည့်စုံတဲ့ မင်းကောင်းမင်းမြတ်.. လို့တောင် ခေါ်ဆိုလိုက်ပါသေးတယ်။
ကျမ်းတတ် ငယ်ဖြူ ရွှေကျင်ဂိုဏ်းခေါင်းဆောင် ဆရာတော်ကြီးက အဲသလို အခါတော်ပေးလိုက်ပြီးတဲ့ နောက်မှာတော့ ပြည်သူတွေအပေါ် အာဏာလုစစ်တပ်ရဲ့ ဖိနှိပ်ညှဥ်းဆဲ သတ်ဖြတ်မှုတွေဟာ အတောမသတ်နိုင်အောင် ဖြစ်လာခဲ့ပါတော့တယ်။ တချိန်တည်းမှာ ယိုသူမရှက် မြင်သူရှက်လို့ ဆိုရလောက်အောင် ရုံထားတဲ့ သင်္ကန်းကိုမှ အားမနာ လူထုခေါင်းဆောင်အကြောင်း မဲ့ကာရွဲ့ကာ ဟောပြောလေ့ရှိတဲ့ သံဃာအမည်ခံထားသူ တယောက်လည်း မြုပ်နေရာက ပြန်ပေါ်လာ၊ ပစ္စတို ချိုင်းကြားလွယ်ထားတဲ့ သင်္ကန်းဝတ်တွေ၊ ရပ်ရွာအော့ကြောလန်တွေကို ပြည်သူ့စစ်ဆိုတဲ့ ခေါင်းစဥ်နဲ့ စုဆောင်းပေးပြီး ပြည်သူတွေကို လေကြောင်းက ဗုံးကြဲ သတ်ဖြတ်ဖို့ အာဏာလုစစ်တပ်ကို နေ့စဥ်လှုံ့ဆော်နေတဲ့ သင်္ကန်းဝတ်တွေ အလျှိုအလျှို ပေါ်ပေါက်လာပါတော့တယ်။
သင်္ဂါယနာ နှစ်ခါတင်ခဲ့ဖူးပြီး လက်ရှိခေတ်မှာ ထေရဝါဒ အထွန်းကားဆုံးလို့ လူတချို့ ဟစ်ကြွေးနေကြတဲ့ မြန်မာနိုင်ငံမှာ ဗုဒ္ဓသားတော်ဆိုသူတချို့ သင်္ကန်းကို အကာအကွယ်ယူပြီး အဲသလိုတွေ လုပ်နေကြချိန်မှာ ရဟန်းသံဃာတွေ ဘုရားဟောဝိနည်းတော်တွေနဲ့အညီ နေထိုင် ပြောဆို ပြုမူ ကျင့်ကြံကြရေးအတွက် ဖွဲ့စည်းထားတာဖြစ်တယ်ဆိုတဲ့ နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ကြီးက ဘာတခွန်းမှ ဝင်မပြောပါဘူး။ ဒါမပြောပါနဲ့။ သံဃမဟာနာယက အဖွဲ့ဝင် ပဲခူးဝင်းနိမ္မိတာရုံ ဆရာတော်ကြီး စစ်တပ်ရဲ့ ပစ်ခတ်မှုကြောင့် ပျံလွန်တော်မူသွားတဲ့အခါမှာလည်း တုတ်တုတ်တောင် မလှုပ်ခဲ့ပါဘူး။
စစ်တပ်က အာဏာလုထားတာ ၄ နှစ်ထဲ ရောက်လာချိန်မှာ မြန်မာနိုင်ငံက ရစရာမရှိအောင် ပျက်စီးသွားပြီ ဖြစ်ပါတယ်။ နိုင်ငံရေးအကျဥ်းသား အရေအတွက်၊ ပြည်တွင်းစစ်ကြောင့် သေဆုံးသူနဲ့ စစ်ဘေးရှောင်ရသူ အရေအတွက်၊ မီးရှို့ဖျက်ဆီးခံရတဲ့ ပြည်သူ့အိုးအိမ် အဆောက်အဦ အရေအတွက်နဲ့ အထွေထွေကုန်စျေးနှုန်းပဲ တသမတ်တည်း ထောင်တက်နေပြီး ကျန်တာအားလုံး အောက်ကို ဇောက်ထိုးကျဆင်းနေတာမို့ ကျဆုံးရှုံးနိမ့်နိုင်ငံ (failed state) တခုရဲ့ ဂုဏ်အင်္ဂါအားလုံးနဲ့ ပြည့်စုံနေပြီလို့ ဆိုရမှာဖြစ်ပါတယ်။
အဲဒီအခြေအနေကို ပျမ်းမျှ ဦးနှောက်ရှိသူတိုင်း မြင်တွေ့သိရှိနေကြပေမဲ့ ကျနော် အထက်မှာ ဖော်ပြခဲ့တဲ့ ဆရာတော်ကြီး အပါအဝင် သံဃာတွေနဲ့ သူတို့ရဲ့ နောက်လိုက် နောက်ပါ တစုကတော့ နိုင်ငံတကာ ဖမ်းဝရမ်းအထုတ်ခံထားရတဲ့ အာဏာလုစစ်ခေါင်းဆောင်ကို သာသနာပြု မင်းကောင်းမင်းမြတ်အဆင့်က တပြားမှ မလျှော့ပါဘူး။ ပြည်သူကို ရန်သူလို ဆက်ဆံပြုကျင့်နေတဲ့ စစ်အုပ်စုကို အမျိုးဘာသာ သာသနာကို ရှေ့တန်းက ကာကွယ်စောင့်ရှောက်နေတဲ့ မျိုးချစ် ပြည်ချစ် တပ်မတော်အဖြစ် အမွှမ်းတင်နေကြတုန်းပါပဲ။ တိုင်းပြည်ကို နိုင်ငံတကာ ရာဇဝတ်ဂိုဏ်းဝင်များထံ ရသလောက်စျေးနဲ့ ရောင်းချဖို့ ကြိုးပမ်းနေတဲ့ စစ်အုပ်စုကို နိုင်ငံ့အချုပ်အခြာအာဏာကို စွန့်လွှတ်စွန့်စား ကာကွယ်နေသူများအဖြစ် စန်းတင်နေတုန်းပဲ ဖြစ်ပါတယ်။
အဲဒီ သံဃာတွေ၊ လူတွေ ပြောနေ ဆိုနေ လုပ်နေတာတွေကို ကြားရ မြင်ရတော့ ဘုရားလက်ထက်က လူတယောက်အကြောင်း သွားသတိရမိပါတယ်။ သူ့အမည်က ဇမ္ဗုကပါ။ ဇမ္ဗူတလူလို့ ဆိုရလောက်အောင် ထူးခြားတဲ့ အဲဒီလူက အလွန်ချမ်းသာကြွယ်ဝတဲ့ မိဘနှစ်ပါးက မွေးဖွားလာသူ ဖြစ်ပေမဲ့ သူစားတာက လူ့မစင် ဖြစ်ပါတယ်။ သူက ဝမ်းလျားထိုး လေးဘက်သွားအရွယ်မှာ သူ့မစင် သူစားပြီး လမ်းလျှောက်နိုင်တဲ့အရွယ် ရောက်လာတော့ လူတကာယိုထားတဲ့ မစင်တွေ လိုက်ရှာစားပါတယ်။ အဝတ်လည်း ဝတ်ပေးလို့ မရပါဘူး။ မိဘတွေက အကြောင်းစုံ သိသွားတော့ ရှက်လွန်းလို့ အစေလက အမည်ရှိ အဝတ်မဝတ်တဲ့ ဘာသာရေးဂိုဏ်းတဂိုဏ်းကို သွားပို့ထားလိုက်ပါတယ်။ အဲဒီဂိုဏ်းက သူဌေးသားဆိုတော့ ငါတို့တော့ လာဘ်ပေါပြီ ဆိုပြီး အားရဝမ်းသာ လက်ခံထားလိုက်ကြပေမဲ့ နောက်ပိုင်းမှာ သူ့အကျင့်သိသွားလို့ မောင်းထုတ်လိုက်ပါတယ်။ ဇမ္ဗုကလည်း အဲဒီတော့မှ လွတ်ပြီကျွတ်ပြီ ဆိုတဲ့အတွေးနဲ့ လူတွေလာလာပြီး မစင်စွန့်ကြတဲ့ တောထဲက တွင်းကြီးတခုထိပ်မှာ သွားနေပါတယ်။ မစင်တွေကို နေ့စဥ် အကြိုက်စားပါတယ်။ တနေ့တော့ မစင်စွန့်ဖို့လာနေတဲ့ လူတစုကို မရှောင်သာတော့လို့ (အရှက်ကလည်း နည်းနည်းရှိနေသေးတာမို့) ကြံမိကြံရာအတွေးနဲ့ လေလာတဲ့ဘက်ကို မျက်နှာမူ ပါးစပ်ကိုဟ ခြေတဖက်ကို နောက်မှာ မြှောက်ထားပြီး ရပ်နေလိုက်ပါတယ်။ သူ့ရဲ့ ထူးခြားတဲ့ ကိုယ်နေဟန်ထားကို တွေ့ပြီး အံ့သြသွားတဲ့ အဲဒီလူစုက အကျိုးအကြောင်းမေးတော့ သူက သူ့လို အကျင့်သီလ မြင့်မြတ်လွန်းသူတယောက်ရဲ့ ကိုယ်အလေးချိန်ကို ကမ္ဘာမြေကြီးက မခံနိုင်မှာ စိုးတာကြောင့် ကိုယ်အလေးချိန်လျော့သွားအောင် ခြေတဖက် မြှောက်ထားတာဖြစ်ကြောင်း၊ လေလာတဲ့ဘက် မျက်နှာမူပြီး ပါးစပ်ဟထားတာက လူသားတွေစားတဲ့ အစားအစာ လျော့ပါးသွားမှာ စိုးတာကြောင့် လေကိုပဲစားနေတာဖြစ်ကြောင်း ပြန်ဖြေလိုက်ပါတယ်။ သူ့အဖြေစကား ကြားတဲ့အခါ မစင်စွန့်ဖို့လာတဲ့လူစုလည်း ဇမ္ဗုကကို အကြီးအကျယ် ကြည်ညိုသွားပြီး အကြိမ်ကြိမ် ဦးချရှိခိုးကာ ပြန်သွားကြပါတယ်။ ရွာပြန်ရောက်တော့ အဲဒီလူစုက သူတို့ မြင်တွေ့ ကြားသိခဲ့ရသမျှကို ဖြန့်ဝေလိုက်ပါတယ်။ အဲဒီမှာတင် ရွာထဲက ပုစွန်ခေါင်းနဲ့ လူ့ခန္ဓာကိုယ်ပိုင်ရှင်တွေဟာ သူတို့မှာရှိသမျှ စိန်ရွှေလက်ဝတ်ရတနာတွေ၊ အဝတ်အထည်ကောင်းတွေ၊ အစားအသောက်ကောင်းတွေကို ယူပြီး ဇမ္ဗုကဆီ ချီတက်သွားကြပါတယ်။ ဟိုရောက်တော့ ရတနာတွေကို ပွားများအောင် သိဒ္ဓိတင်ပေးဖို့နဲ့ အစားအသောက် အဝတ်အထည်တွေကို ဇမ္ဗုက စားသောက်သုံးဆောင်ဖို့ လှူဒါန်းကြပါတယ်။ ဇမ္ဗုကအတွက် ရွာသားတွေယူလာတဲ့ အရာအားလုံးဟာ ဘာအဓိပ္ပာယ်မှ မရှိပေမဲ့ သူ့မှာ လှည့်စားချင်တဲ့ စိတ်အခံက ရှိနေတာကြောင့် အမှန်ကိုဝန်မခံဘဲ အဲဒါတွေအားလုံးကို လက်နဲ့ ထိရုံပဲထိပြီး ပြန်ပေးလိုက်ပါတယ်။ အဲဒီအပြုအမူကြောင့် သူ့အပေါ် ရွာသားတွေရဲ့ သဒ္ဓါကြည်ညိုစိတ်က နှစ်ဆ သုံးဆ လေးဆ တိုးသွားခဲ့ပါတယ်။
ဇမ္ဗုက ဇာတ်လမ်းက မြတ်စွာဘုရားချွတ်လို့ သူကျွတ်ပြီး အရဟတ္တမဂ်ဖိုလ် ဆိုက်သွားမှပဲ ဆုံးခန်းတိုင်သွားပါတယ်။ သူ့ကို အရူးအမူး ကိုးကွယ်ခဲ့ကြတဲ့ အရူးတသိုက် ဇာတ်လမ်းကတော့ ငရဲကြီး ၈ ထပ်ထဲက တထပ်ထပ်မှာ စခန်းသိမ်းသွားလိမ့်မယ်လို့ ယူဆရပါတယ်။
လောကီရာဇဝတ်မှု၊ လောကုတ္တရာ ဒုစရိုက်မှုမျိုးစုံကို နေ့စဥ်ကျူးလွန်နေတဲ့ နိုင်ငံတော်သစ္စာဖောက် စစ်ခေါင်းဆောင်၊ အဲဒီလိုလူမျိုးကို သဒ္ဓါပညာနဲ့ပြည့်စုံတဲ့ သာသနာပြု မင်းကောင်းမင်းမြတ်လို့ မြှောက်ပင့်ပေးနေတဲ့ သံဃာတွေနဲ့ အဲဒီသံဃာတွေကို ဆွမ်း၊ သင်္ကန်း၊ ကျောင်း၊ ဆေး ပစ္စည်းလေးပါး ထောက်ပံ့လှူဒါန်းနေတဲ့ လူတစုကိုကြည့်ပြီး.. သည်မင်း သည်စိုး သည်သူခိုးနဲ့ သည်မိုးသည်လေ သည်လူတွေ… ဆိုတဲ့ စကားတခုကို ကျနော် သတိရနေမိပါတယ်။
သည်လူတွေကင်းသွားမှ သာသနာတော်လည်း သန့်ရှင်း၊ နိုင်ငံ့အနာဂတ်လည်း ထွန်းလင်းလာလိမ့်မယ်လို့ ကျနော်ကတော့ အခိုင်အမာ ယုံကြည်နေပါတယ်။
စည်တော်သံ