
၁၉၆၂ ခုနှစ်ကစပြီး (တကယ်တော့ ၁၉၅၈ ကစပြီး) သူနဲ့ လားလားမှ သက်ဆိုင်မှုမရှိတဲ့ နိုင်ငံရေး အုပ်ချုပ်ရေးကိစ္စတွေမှာ နက်နက်ရှိုင်းရှိုင်း ပါဝင်ပတ်သက်နေခဲ့တဲ့ မြန်မာ့တပ်မတော်ကို ပရော်ဖက်ရှင်နယ်စစ်တပ် ဖြစ်လာအောင် ပြုပြင်ပြောင်းလဲရေးကိစ္စနဲ့ ပတ်သက်ပြီး ၂၀၂၁ အာဏာသိမ်းပွဲမတိုင်မီ ကာလတလျှောက်လုံး ပြည်သူတွေရွေးချယ်ခဲ့တဲ့ နည်းနာက ငြိမ်းချမ်းစွာ ဖြစ်ပေါ်တိုးတက်ရေး တနည်းအားဖြင့် အမျိုးသားပြန်လည်သင့်မြတ်ရေးဖြစ်ပြီး ကိုင်စွဲခဲ့တဲ့ ကြွေးကြော်သံက တွေ့ဆုံဆွေးနွေးအဖြေရှာရေး ဖြစ်ပါတယ်။
၂၀၂၁ စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ငြိမ်းချမ်းစွာဆန္ဒပြမှုတွေ အကြမ်းဖက် နှိမ်နင်းဖြိုခွဲခံရအပြီးမှာတော့ ပြည်သူတွေရဲ့ ရွေးချယ်မှုက နွေဦးတော်လှန်ရေး ဖြစ်လာပါတယ်။ ပြည်သူတွေအပေါ် ပစ်မှတ်ထားတဲ့ စစ်တပ်ရဲ့ လူမဆန်တဲ့ တိုက်ခိုက်သတ်ဖြတ် ဖျက်ဆီး မီးရှို့မှုတွေ အလွန်အကျွံ ဖြစ်လာချိန်မှာ ပြည်သူတွေရဲ့ပန်းတိုင်က “ဖက်ဆစ်စစ်တပ် အမြစ်ဖြတ်” ဖြစ်လာပြီး ကြွေးကြော်သံကလည်း “သွေးကြွေးမှာ ဆွေးနွေးစရာမရှိ” ဖြစ်လာခဲ့ပါတော့တယ်။
ဒါပေမဲ့ နွေဦးတော်လှန်ရေး အစောပိုင်းကတည်းက စစ်တပ်ထောက်ခံသူမဟုတ်တဲ့ ပြည်သူအသိုက်အဝန်းတချို့နဲ့ EAO တချို့ ကြားမှာရော နိုင်ငံတကာအသိုက်အဝန်းကြားမှာပါ ပြည်သူတွေဟာ ဖက်ဆစ်စစ်တပ် အမြစ်ဖြတ် ဆိုတဲ့ အဲဒီပန်းတိုင်ကို ဘယ်တော့မှ ရောက်မှာမဟုတ်ဘူး ဆိုတဲ့ အယူအဆ ရှိနေခဲ့ပါတယ်။
နွေဦးတော်လှန်ရေး တစတစ အရှိန်ရလာပြီး တော်လှန်ရေးတပ်ဖွဲ့တွေက ထူးထူးခြားခြား မှတ်သားလောက်တဲ့ အောင်ပွဲတွေအလီလီ ရရှိလာချိန်၊ မြန်မာစစ်တပ်က သမိုင်းမှာ တခါမှ မကြုံဘူးတဲ့ ရှုံးနိမ့်မှုတွေကို တခုပြီးတခု ကြုံတွေ့ရင်ဆိုင်လာရချိန်မှာ အဲဒီအယူအဆကို ထုတ်ဖော်ပြောဆိုတဲ့အသံတွေ နည်းနည်းတိမ်လာပါတယ်။
ဒါပေမဲ့ ဒီမိုကရေစီဘက်တော်သားအဖြစ် ရှုမြင်ခြင်းခံခဲ့ရဖူးသူတချို့ ရင်ထဲမှာတော့ အဲဒီအယူအဆက အခိုင်အမာ တည်ရှိနေဆဲ ဖြစ်ပုံရပါတယ်။ ကမ္ဘာလုံးဆိုင်ရာသမိုင်းမှာ ဓမ္မအင်အားက အဓမ္မအင်အားကို အပြီးအပြတ် တိုက်ခိုက်ချေမှုန်း အောင်နိုင်ခဲ့တဲ့ ဖြစ်ရပ်များ အထင်အရှား ရှိခဲ့သည့်တိုင်၊ တနိုင်ငံချင်းစီရဲ့ သမိုင်းတွေမှာလည်း ပြည်သူတွေက လက်နက်အားကိုး အနိုင်ကျင့် ဗိုလ်ကျအုပ်ချုပ်တဲ့ အုပ်စိုးသူတွေကို အပြီးအပြတ် ခုခံတွန်းလှန် ဖယ်ရှားနိုင်ခဲ့တဲ့ ဖြစ်ရပ်များ အထင်အရှား ရှိခဲ့သည့်တိုင်၊ မကြာသေးခင်လေးတုန်းကပဲ အာဏာရှင် အာဆတ်ကို ဆီးရီးယားပြည်သူတွေက ခုခံတွန်းလှန် တိုက်ခိုက်မောင်းထုတ် ဖယ်ရှားပစ်လိုက်ကြတဲ့ ပူပူနွေးနွေး ဖြစ်ရပ် အထင်အရှား ရှိနေသည့်တိုင် အဲဒီလူတွေက သူတို့ရင်ထဲက အဲဒီအယူအဆကို အပြီးအပြတ် စွန့်ပစ်လိုက်ဖို့ မဝံ့မရဲ ဖြစ်နေကြသေးပုံ ရပါတယ်။ သူတို့က “ဖက်ဆစ်စစ်တပ် အမြစ်ဖြတ်”..၊ “သွေးကြွေးမှာ ဆွေးနွေးစရာမရှိ”.. ဆိုတဲ့ အပြောအဆိုတွေဟာ ဒီနေ့ပြည်သူတွေရင်ထဲမှာ အခိုင်အမာရှိနေတဲ့ ယုံကြည်မှုဖြစ်တယ် ဆိုတာထက် ဆွေးနွေးပွဲစကားဝိုင်းဆီ စစ်တပ်ရောက်လာဖို့ ဖိအားပေးရာမှာ နွေဦးခေါင်းဆောင်တွေ အသုံးပြုတဲ့ တောချောက်သံတွေသာ ဖြစ်တယ်လို့ ယုံကြည်နေဆဲ ဖြစ်ပုံရပါတယ်။ အဲသလို ယုံကြည်ယူဆနေကြသူတွေထဲမှာ တော်လှန်ရေးသမားတဖြစ်လဲ စကစ ဝိုင်းတော်သားတွေ၊ နိုင်/ကျဥ်းဟောင်းတဖြစ်လဲ စကစ ဝန်းရံသူတွေတောင် ပါဝင်နေပါတယ်။ ပြည်တွင်းစစ် အစပိုင်းမှာ စစ်တပ်ကို လက်နက်စွဲကိုင် တော်လှန်ခဲ့ပြီးတဲ့နောက် နှစ်အတန်ကြာတဲ့အခါ လက်နက်ချလာကြပြီး စစ်အာဏာရှင်ခေတ်ဦးမှာ (လက်နက်မဲ့ ကျောင်းသားတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့ပြီးဖြစ်တဲ့) စစ်တပ်က တည်ထောင်ဖွဲ့စည်းခဲ့တဲ့ မဆလပါတီမှာ ဝင်ရောက်အမှုတော်ထမ်းခဲ့ကြတဲ့ ကွန်မြူနစ်ဟောင်းတွေ ကိုပါ ထည့်တွက်မယ်ဆိုရင်တော့ အဲဒီအယူအဆပိုင်ရှင်တွေ အရေအတွက်က အတန်အသင့် ရှိတယ်လို့ ဆိုရမှာပါ။ ဒါတင်မကသေးပါဘူး၊ မကြာသေးခင်ကဆိုရင် နဝတ/နအဖ စစ်အစိုးရတွေရဲ့ အကျဥ်းထောင်များအတွင်း ဆယ်စုနှစ်နဲ့ချီ နေခဲ့ရဖူးသူတယောက်က နွေဦးတော်လှန်ရေးရဲ့ ပင်မကြွေးကြော်သံတခုဖြစ်တဲ့.. “သွေးကြွေးမှာ ဆွေးနွေးစရာမရှိ”.. ဆိုတဲ့ ကြွေးကြော်သံကို နဝတ/နအဖ စစ်အစိုးရတွေရဲ့.. မြန်မာ့အားကစား ကမ္ဘာကိုလွှမ်းစေရမည်.. ဆိုတဲ့ ကြွေးကြော်သံနဲ့ ထပ်တူပြုခဲ့ပါသေးတယ်။
တကယ်တော့ ယထာဘူတကျကျ စဥ်းစားမယ်ဆိုရင် အဲဒီလူတွေရဲ့ အဲဒီအယူအဆက လုံးလုံးလျားလျား အခြေအမြစ် ကင်းမဲ့တာတော့လည်း မဟုတ်ပါဘူး။ မြန်မာနိုင်ငံမှာ နိုင်ငံရေး လူမျိုးရေး အရင်းအနှီး အတော်ကလေး ခိုင်ခိုင်မာမာရှိတဲ့ တော်လှန်ရေးအဖွဲ့တွေက တပ်ပေါင်းစုတွေ အကြိမ်ကြိမ်ဖွဲ့ပြီး တိုက်ခိုက်ခဲ့ကြပေမဲ့ နှစ်ပေါင်း ၇၀ ကျော် ကြာလာသည့်တိုင် စစ်တပ်ကို အမြစ်မဖြတ်နိုင်ခဲ့ခြင်းက အဲဒီအယူအဆရဲ့ ရေသောက်မြစ် ဖြစ်နိုင်ပါတယ်။ အထူးသဖြင့် ဒီနေ့လို စစ်တပ် အလဲလဲအကွဲကွဲ ဖြစ်နေချိန်မှာတောင် ပြည်သူတွေရဲ့.. ဖက်ဆစ်စစ်တပ် အမြစ်ဖြတ်.. ကြွေးကြော်သံဟာ.. လေထဲဆောက်တဲ့တိုက်အိမ်သာ ဖြစ်တယ်လို့ အဲဒီလူတွေ ဆက်လက်ယူဆနေကြခြင်းရဲ့ ပင်မအကြောင်းရင်းက ၁၉၄၈-၄၉ ကာလက ဖြစ်ရပ်တွေ ဖြစ်နိုင်ပါတယ်။
နိုင်ငံရေးလေ့လာသူအားလုံး သိကြတဲ့အတိုင်း မြန်မာ့ပြည်တွင်းစစ်က ၂၈-၃-၁၉၄၈ မှာ စတင်ဖြစ်ပွားခဲ့ပါတယ်။ ဗကပ၊ အလံနီ၊ ရဲဘော်ဖြူ၊ ကရင်တပ်ဖွဲ့များက တဖက်၊ စစ်တပ် ကျောထောက်နောက်ခံပြုပေးထားတဲ့ ဖဆပလ အစိုးရက တဖက် တိုက်ကြတဲ့စစ်ပွဲပါ။ အစောပိုင်းမှာ အစိုးရဟာ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ တိုက်ခိုက်မှုကို အလူးအလဲခံရပြီး ရန်ကုန်အစိုးရလို့ လှောင်ပြောင်အခေါ်ခံရတဲ့အထိ အခြေအနေ ဆိုးသွားခဲ့ပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ တဖြည်းဖြည်းချင်း အခြေအနေ ပြန်ကောင်းလာခဲ့ပြီး ၁၉၄၉ နှောင်းပိုင်း ရောက်လာချိန်မှာ အစောပိုင်းတုန်းက လက်လွှတ်ခဲ့ရတဲ့ မြို့ကြီးမြို့ငယ်တွေကို ပြန်သိမ်းလာနိုင်ခဲ့ပါတယ်။ မကြာခင်မှာ တနိုင်ငံလုံးက နယ်မြေဒေသ အများစုကို ပိုင်ပိုင်နိုင်နိုင် ပြန်လည်ထိန်းချုပ်နိုင်တဲ့ အနေအထားကို ရောက်ရှိသွားခဲ့ပါတယ်။
ကျနော် အထက်မှာပြောခဲ့တဲ့ နွေဦးတော်လှန်ရေးကို မယုံကြည်သူများက အဲဒီတုန်းက အခြေအနေနဲ့ လတ်တလောမှာ မြန်မာနိုင်ငံနဲ့ ဆက်စပ်နေတဲ့ ပထဝီနိုင်ငံရေး အခြေအနေတွေကို ပေါင်းစပ်ပြီး သူတို့အယူအဆကို တည်ဆောက်ထားကြတာ ဖြစ်ပါတယ်။ ဒီမိုကရေစီရေးအတွက်၊ ဖက်ဒရယ်ရေး အတွက် တစုံတရာ ပေးဆပ် စွန့်လွှတ်ခဲ့ကြသူတချို့ကတောင် အဲသလို ယူဆနေကြမှတော့.. စွမ်းရည် ၃ ရပ်နဲ့ ပြည့်စုံတဲ့တပ်မတော်..၊ ကမ္ဘာ့အဆင့် ၃၈ ရှိ တပ်မတော်.. စတဲ့ စစ်ခေါင်းဆောင်တွေရဲ့ ချင်း(ဂျင်း)ပေါင်းစုံ တလျှောက်လုံး အထည့်ခံထားခဲ့ကြရတဲ့ စစ်တပ်ထောက်ခံသူတွေက ဘယ်ပြောကောင်းမလဲ။ ကြည့်နေ.. မကြာခင် လင်းယုန်ကြီး အစာကောက်တော့မယ်..၊ နောက်ဆုံးတော့ ရွှေဘကြီးပဲနိုင်မှာ.. စတဲ့ ရွတ်ဖတ်သရဇ္ဈာယ်သံတွေနဲ့ အတူ စစ်ခေါင်းဆောင်တွေ မက်ခိုင်းတဲ့ ၄၉ အိပ်မက်ကို မအိပ်ဘဲ မက်နေကြပါတော့တယ်။
အဲဒီတော့ တခုနဲ့တခု ဖြောင့်ဖြောင့်ကြီးဆန့်ကျင်နေတဲ့ အယူအဆနှစ်ခုမှာ ဘယ်အယူအဆက မှန်နိုင်တယ် ဆိုတာ ကောက်ချက်ချဖို့ ၄၈/၄၉ နဲ့ အခုလက်ရှိဆိုတဲ့ ကာလနှစ်ခုကို ဓမ္မဓိဋ္ဌာန်ကျကျ နှိုင်းယှဥ်သုံးသပ်ဖို့ လိုအပ်လာပါတယ်။ ၄၈/၄၉ ကာလတုန်းက အခြေအနေနဲ့ အခုလက်ရှိ အခြေအနေကြားမှာ ဆင်တူတာတွေ ရှိတာတော့ အမှန်ပါပဲ။ တူတာတွေရှိလို့လည်း ဟိုလူတွေက ၄၉ အိပ်မက်ကို မက်နေကြတာဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီအခြေအနေနှစ်ခုကြားမှာ သူတို့ကပဲ လျှော့တွက်ထားတာလား၊ နွေဦးဘက်တော်သားတွေကပဲ ပိုတွက်ထားတာလား မသိနိုင်တဲ့ ကွာခြားချက်တွေ ရှိနေပါတယ်။ အခြေခံအားဖြင့် ကွာခြားချက်ကြီး ၃ ခု ရှိနေတယ်လို့ ကျနော် ယူဆပါတယ်။
ပထမဆုံး ကွာခြားချက်က စစ်ပွဲဆင်နွှဲရခြင်း အကြောင်းတရား cause ဖြစ်ပါတယ်။ ၄၈/၄၉ တုန်းက တော်လှန်ရေးအဖွဲ့တွေရဲ့ cause က ဒီမိုကရေစီဆိတ်သုဥ်းမှု၊ အမျိုးသား တန်းတူအခွင့်အရေး ဆုံးရှုံးမှု ဖြစ်ပါတယ်။ စစ်တပ်ရဲ့ cause က နိုင်ငံ့လွတ်လပ်ရေး ဗိသုကာကြီးတွေ အညီအညွတ် ရေးဆွဲအတည်ပြုထားခဲ့တဲ့ အခြေခံဥပဒေနဲ့အညီ ရွေးကောက်တင်မြှောက်ခံထားရတဲ့ တရားဝင် ပြည်သူ့အစိုးရကို ကာကွယ်စောင့်ရှောက်ခြင်း ဖြစ်ပါတယ်။ (cause) နှစ်ခုစလုံးက သူ့ရှုထောင့်နဲ့သူ တရားမျှတမှုရှိတယ်လို့ ဆိုနိုင် (justifiable) ပေမဲ့ သွေးနုသားနုနိုင်ငံတော်.. ဆိုတဲ့ အချက်ကိုပါ ထည့်သွင်းစဥ်းစားကြည့်လိုက်ရင် စစ်တပ်ရဲ့ cause က တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ cause ထက် နှာတဖျားမက မြင်းတလျားလောက်တောင် သာနေတာကို မြင်တွေ့ကြရမှာ ဖြစ်ပါတယ်။ ဒီအချက်ကြောင့်လည်း ပြည်သူတွေအကြား ဟိုဘက်ဒီဘက် ထောက်ခံပံ့ပိုးကူညီခဲ့တဲ့ အစိတ်အပိုင်းတွေ ရှိခဲ့သည့်တိုင် ပြည်သူလူထု အများစုကြီးက ပွဲကြည့်ပရိသတ် အနေအထား (neutral stand) မှာပဲ ရပ်တည်ခဲ့ကြတာ ဖြစ်ပါတယ်။
၂၀၂၁ အာဏာသိမ်းပွဲမှာတော့ စစ်တပ်ရဲ့ cause က ၂၀၂၀ ရွေးကောက်ပွဲမှာ NLD က မဲလိမ်မဲခိုးပြီး မတရားရယူသွားခဲ့တဲ့ နိုင်ငံတော်အာဏာကို ပြန်ယူပြီး ပြည်သူတွေလက်ထဲ ပြန်ထည့်ပေးဖို့ဆိုတဲ့ (သူ့ကိုထောက်ခံတဲ့ လက်တဆုပ်စာ လူတစုကလွဲပြီး ပြည်တွင်းပြည်ပ ဘယ်သူ ဘယ်အဖွဲ့အစည်းကမှ လက်မခံတဲ့) အကြောင်းပြချက်ဖြစ်ပြီး တော်လှန်ရေးအဖွဲ့တွေရဲ့ cause က စစ်တပ်က ပြည်သူ့အစိုးရလက်ထဲက မတရားလုယူသွားခဲ့တဲ့ နိုင်ငံတော်အာဏာကို ပြန်ယူပြီး ပြည်သူတွေလက်ထဲ ပြန်ထည့်ပေးဖို့ ဖြစ်ပါတယ်။
၄၈/၄၉ ကာလနဲ့ နှိုင်းယှဥ်ရင် cause တွေက ပြောင်းပြန်ဖြစ်သွားပါပြီ။ ခေတ်ပြိုင် ဒီမိုကရေစီသဘောတရား ရှုထောင့်ကကြည့်ရင် cause နှစ်ခုရဲ့ အလေးချိန်ချင်းက ကျောက်တောင်နဲ့ လဲမှို့လို အကွာကြီးကွာနေတာကို ပျမ်းမျှဦးနှောက်ရှိသူတိုင်း မြင်တွေ့နိုင်ပါတယ်။ ဒီအချက်ကြောင့်လည်း ဒီနေ့မှာ မြန်မာပြည်သူလူထု အများစုကြီးက ၄၈/၄၉ တုန်းကလို မဟုတ်တော့ဘဲ နွေဦးတော်လှန်ရေးမှာ ကျရာအခန်းက အားသွန်ခွန်စိုက် ပါဝင်ဆင်နွှဲနေကြတာ ဖြစ်ပါတယ်။
ဒုတိယကွာခြားချက်က နိုင်ငံရေးဦးဆောင်မှု (Political Leadership-PL) နဲ့ ဗဟိုအမိန့်ပေးစနစ် (Chain of Command-CoC) ဖြစ်ပါတယ်။ ၄၈/၄၉ တုန်းက (နှိုင်းယှဥ်ချက်အရ ပိုကောင်းတဲ့ (Cause) ပေါ်မှာ အခြေခံပြီး) စစ်တပ်ကို PL ပေးတာက ဖဆပလ အစိုးရ ဖြစ်ပါတယ်။ စစ်တပ်တခုလုံးက အစိုးရကို သစ္စာခံထားတဲ့ စစ်ဦးစီးချုပ်ရဲ့ CoC အောက်မှာ လှုပ်ရှားတာ ဖြစ်ပါတယ်။ တော်လှန်ရေးတပ်ဖွဲ့တွေဘက်မှာတော့ PL က တခုမကရှိနေပြီး အကျိုးဆက်အဖြစ် CoC ကလည်း တခုမက ရှိနေပါတယ်။ ဒါဟာ အားနည်းချက်ဖြစ်တယ်ဆိုတာကို သိတဲ့အတွက် တော်လှန်ရေးတပ်ဖွဲ့တွေက တပ်ပေါင်းစုဖွဲ့ပြီး အဲဒီအားနည်းချက်ကို ဖြည့်ဆည်းဖို့ ကြိုးစားခဲ့ကြပါတယ်။ ဒါပေမဲ့ ကိုယ်ပိုင်လမ်းစဥ်၊ လုပ်ငန်းစဥ်နဲ့ မျှော်မှန်းချက် အသီးသီးရှိကြတဲ့ တော်လှန်ရေးအဖွဲ့တွေဟာ (သဘောတူစာချုပ်မှာ ဘယ်လိုပဲရေးထားထား) လက်တွေ့မှာ အဲဒီကိုယ်ပိုင်ကိစ္စတွေကို ပထမနေရာ၊ အစိုးရဖြုတ်ချရေးကို ဒုတိယနေရာမှာ ထားခဲ့ကြတဲ့အတွက် အဲဒီတပ်ပေါင်းစုတွေက အလုပ်မဖြစ်ခဲ့ပါဘူး။ တပ်ပေါင်းစုတောင် အလုပ်မဖြစ်မှတော့ ဘာ CoC ကိုမှလည်း မတည်ဆောက်နိုင်ခဲ့ပါဘူး။
နွေဦးတော်လှန်ရေးမှာတော့ အဲဒီအခြေအနေက အရည်အသွေးအရကို ပြောင်းလဲသွားခဲ့ပြီ ဖြစ်ပါတယ်။ ကိုယ်ပိုင်လမ်းစဥ်၊ လုပ်ငန်းစဥ်နဲ့ မျှော်မှန်းချက်အသီးသီး ရှိနေကြဆဲ ဖြစ်သည့်တိုင် နိုင်ငံကို နှစ်ပေါင်းများစွာ ဒုက္ခပေးခဲ့တဲ့ စစ်အာဏာရှင်စနစ်ကို အပြီးတိုင်ဖျက်သိမ်းပြီး ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်သစ်ကို ထူထောင်ရမယ်ဆိုတဲ့ ခိုင်မာတဲ့ ဘုံရည်မှန်းချက်က တော်လှန်ရေးအဖွဲ့တွေရဲ့ တခုတည်းသော နိုင်ငံရေးဦးဆောင်မှု နေရာမှာ ရှိနေပြီ ဖြစ်ပါတယ်။ စစ်ရေးအရ ကြည့်ရင်လည်း တခုတည်းသော CoC ကို ထုတ်လုပ်ပေးမယ့် တနိုင်ငံလုံး လွှမ်းခြုံမှုရှိတဲ့ တပ်ပေါင်းစုကြီးတခု မတည်ဆောက်နိုင်သေးသည့်တိုင် သမိုင်းသင်ခန်းစာများကို လေ့လာသင်ယူထားခဲ့ကြပြီးဖြစ်တဲ့ တော်လှန်ရေးအဖွဲ့များဟာ ဒေသ/နယ်မြေအလိုက် တပ်ပေါင်းစု သဘောဆောင်တဲ့ ချိတ်ဆက်ညှိနှိုင်း ပူးပေါင်းဆောင်ရွက်မှု (Coordination and Cooperation-CaC) တွေကိုတော့ တည်ဆောက်ထားနိုင်ပြီဖြစ်တယ် ဆိုတာကို တွေ့နေရပါတယ်။ ဒါက တနိုင်ငံလုံး လွှမ်းခြုံမှုရှိတဲ့ တပ်ပေါင်းစုကြီးရဲ့ အစောပိုင်းအဆင့်များပဲ ဖြစ်ပါတယ်။
တဖက်မှာတော့ မှားယွင်းတဲ့ Cause ပေါ်မှာ တည်ဆောက်ထားတာကြောင့် စစ်တပ်ဦးစီးချုပ်ရဲ့ နိုင်ငံရေးဦးဆောင်မှုက ခိုင်မာမှုမရှိပါဘူး။ အကျိုးဆက်အဖြစ် စစ်တပ်ရဲ့ CoC က အပေါက်အပြဲတွေနဲ့ ပြည့်နှက်နေတဲ့ အိတ်ကြီးတလုံးလို ဖြစ်နေပြီး အောက်အဆင့်ဆင့်သော တပ်ဖွဲ့ဝင်အများစုကြီးဟာ အမိန့်နာခံလိုစိတ်လည်း မရှိ၊ တိုက်ခိုက်လိုစိတ်လည်းမရှိ ဖြစ်နေပါတယ်။ နိုင်ငံတဝန်းမှာ စကစ လက်အောက်ခံ တပ်ဖွဲ့ဝင်တွေ စစ်တပ်သမိုင်းတလျှောက် မကြုံဘူးတဲ့ ပမာဏနဲ့ ဘက်ပြောင်း၊ လက်နက်ချ၊ ထွက်ပြေးနေကြတဲ့ ဖြစ်ရပ်တွေက အဲဒီအချက်အတွက် ခိုင်မာတဲ့သက်သေပဲ ဖြစ်ပါတယ်။
တတိယကွာခြားချက်က စုဖွဲ့မှုနဲ့ လက်နက်ခဲယမ်းမီးကျောက် ဖြစ်ပါတယ်။ စုဖွဲ့မှုကိစ္စမှာ ၄၈/၄၉ တုန်းက တော်လှန်ရေးဘက်မှာ တောခို ဗမာ့တပ်မတော်နဲ့ ကရင်တပ်ဖွဲ့တွေပဲ စုဖွဲ့မှုစနစ်ကျ အားကောင်းတယ်လို့ ဆိုနိုင်ပါတယ်။ စစ်တပ်ကတော့ ကိုလိုနီ ဗြိတိသျှဆန့်ကျင်ရေးစစ်ပွဲ၊ ဖက်ဆစ်ဂျပန် ဆန့်ကျင်ရေးစစ်ပွဲများကတည်းက စုဖွဲ့မှုစနစ်ကျ အားကောင်းခဲ့တာကြောင့် တဖက်နဲ့ နှိုင်းယှဥ်ရင် သာတယ်လို့ ဆိုနိုင်ပါတယ်။
လက်နက်ခဲယမ်းမီးကျောက်ကိစ္စကို ကြည့်ရင် ပြည်တွင်းစစ် အစောပိုင်းမှာ နှစ်ဖက်စလုံးက ဒုတိယကမ္ဘာစစ် လက်ကျန်လက်နက်တွေနဲ့ တိုက်ကြရတာကြောင့် မကွာဘူးလို့ ဆိုရပါမယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ အိန္ဒိယဆီကရတဲ့ တပ်ရင်း ၄ ရင်းစာ ခေတ်မီလက်နက်အသစ်ကျပ်ချွတ်တွေနဲ့ ဗြိတိန်ကရောင်းပေးတဲ့ ခေတ်မီလက်နက် အသစ်ကျပ်ချွတ်တွေကြောင့် စစ်တပ်က ပြတ်ပြတ်သားသား အသာစီးရသွားခဲ့ပါတယ်။
နွေဦးတော်လှန်ရေးမှာ အဲဒီကဏ္ဍနှစ်ခုကလည်း အခြေခံကျကျ ပြောင်းလဲသွားခဲ့ပြီ ဖြစ်ပါတယ်။ နှစ်ပေါင်း ၇၀ ကျော် ပြည်တွင်းစစ်အတွင်း ရရှိခဲ့တဲ့ အတွေ့အကြုံတွေနဲ့ သင်ခန်းစာတွေအရ အခုအချိန်မှာ လူမျိုးစု တော်လှန်ရေးတပ်ဖွဲ့တွေဟာ မိမိတို့တပ်ဖွဲ့တွေကို စစ်တပ်နဲ့ ယှဥ်နိုင်လောက်အောင် စနစ်တကျ စုဖွဲ့ထားနိုင်ခဲ့ကြပြီ ဖြစ်ပါတယ်။ သူတို့ဆီက လက်ထပ် သင်ယူထားတဲ့ PDF တွေတောင် ၃ နှစ်ကျော်အတွင်း စုဖွဲ့မှုအပိုင်းမှာ စစ်တပ်နဲ့ယှဥ်နိုင်တဲ့ အနေအထား ရောက်နေခဲ့ပြီဆိုတာ အားလုံးအမြင်အတွေ့ ဖြစ်ပါတယ်။
လက်နက်ခဲယမ်းမီးကျောက် အပိုင်းမှာတော့ စစ်တပ်က နှာတဖျားမက သာနေဆဲဖြစ်ပါတယ်။ ဒါပေမဲ့ စစ်တပ်ဆီက သိမ်းဆည်းရမိမှုတွေ၊ အခြားနည်းလမ်းများနဲ့ ရရှိမှုတွေနဲ့ ကိုယ်တိုင်တီထွင် ထုတ်လုပ်မှုတွေကြောင့် ဒီအပိုင်းမှာလည်း တော်လှန်ရေးတပ်ဖွဲ့တွေဟာ စစ်တပ်ကို ပခုံးချင်း မယှဥ်နိုင်သေးသည့်တိုင် ထိထိရောက်ရောက် စိန်ခေါ်ခြိမ်းခြောက်နိုင်တဲ့ အနေအထားဆီသို့ တရွေ့ရွေ့ ရောက်ရှိလာနေပြီ ဖြစ်ပါတယ်။ စစ်တပ်က လေကြောင်းစစ်ဆင်မှုအပိုင်းမှာ ရာနှုန်းအတော်များများ အသာစီးရထားပေမဲ့ အဲဒါက စစ်ပွဲအနိုင်အရှုံးကို အဆုံးအဖြတ် ပေးနိုင်တဲ့အရာ မဟုတ်ဘူးဆိုတာကို တော်လှန်ရေးတပ်ဖွဲ့တွေ သိသလို စစ်တပ်ကလည်း သိထားပါတယ်။ စစ်ပွဲမှာ အဆုံးအဖြတ်က မြေပြင်စိုးမိုးနိုင်မှု ဖြစ်ပါတယ်။
အခုအထိ ရေးလာခဲ့သမျှကို တတ်နိုင်သမျှ အစွဲကင်းကင်းထားပြီး ဖတ်ကြည့်လိုက်ရင် ၄၈/၄၉ ကာလက စစ်တပ်ရဲ့ အားသာချက်တွေဟာ အခုအချိန်မှာ အားသာချက်အဖြစ် မရှိတော့ဘူး ဆိုတာကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ တရုတ်၊ ရုရှားတို့နဲ့ ဆက်ဆံရေးလို စစ်တပ်အတွက် အားသာချက်အသစ်တွေ ပေါ်လာပေမဲ့ စစ်တပ်ရဲ့ (ရှောင်လွှဲလို့မရနိုင်တဲ့) ပြည်သူ့ဆန့်ကျင်ရေး လုပ်ရပ်တွေက သူ့ရဲ့အားသာချက် အဟောင်းတွေကို တိုက်စားချေဖျက်ခဲ့သလိုပဲ အဲဒီ အားသာချက်အသစ်တွေကိုလည်း တိုက်စားချေဖျက်ပစ်မှာ ဧကန်ဖြစ်ပါတယ်။
အခု မြန်မာနိုင်ငံမှာ မြင်တွေ့နေကြရတာက ဆရာကြီးရွှေဥဒေါင်းရဲ့ ဇော်ဟိတ် ဝတ္ထုထဲက ဇော်ဟိတ်နဲ့ တိုင်းလုံးကျော်တို့ရဲ့ လက်ဝှေ့ပွဲ ဖြစ်ပါတယ်။ ကျွဲကြီးတကောင်လို ထွားကျိုင်းသန်မာလှတဲ့ တိုင်းလုံးကျော်ရဲ့ အရှိုက်ကို အခွင့်ရတိုင်း လက်သီးပြင်းတချက် မှန်မှန်ပစ်သွင်းရင်း ဇော်ဟိတ်က တိုင်းလုံးကျော်ရဲ့ သက်လုံကို ချွေနေသလို တော်လှန်ရေးတပ်ဖွဲ့တွေက စကစကို အမှည့်ချွေ ချွေနေတာ ဖြစ်ပါတယ်။ နောက်ဆုံးမှာ အမောမခံနိုင်တော့လို့ အမြန်အပြီးသတ်ချင်ဇောနဲ့ အားကုန်သွန်ထိုးရင်း အားလွန်လာတဲ့ တိုင်းလုံးကျော်ရဲ့ မေးရိုးကို ဇော်ဟိတ်က တကိုယ်လုံးအားထည့်ထားတဲ့ လက်သီးချက်နဲ့ ကော်သတ်ပြီး လက်ဝှေ့ပွဲကို အဆုံးသတ်လိုက်သလို မကြာခင်မှာ တော်လှန်ရေးတပ်ဖွဲ့တွေက စကစ မေးရိုးကို ကော်သတ်ပြီး စစ်အာဏာရှင်စနစ်ကို အဆုံးသတ်မှာ ဖြစ်ပါတယ်။ စစ်အာဏာရှင်ခေတ် တလျှောက်လုံး အနိုင်ကျင့် ဗိုလ်ကျ အစော်ကားခံလာခဲ့ကြရတဲ့ ပြည်သူတွေဟာ နောက်ဆုံးတော့ နွေဦးမှာ ရွှေဘကြီးအဖြစ် အောင်ပွဲခံမှာ ဖြစ်ပါတယ်။
ဒါကြောင့် စစ်မိစ္ဆာနဲ့ အပေါင်းပါတွေ မက်နေတဲ့ ၄၉ အိပ်မက်က ဘယ်တော့မှ အကောင်အထည် ဖြစ်လာမှာ မဟုတ်ပါဘူး။
စည်တော်သံ (သူ့အတွေး သူ့အမြင် – Op-Ed)
(ဤဆောင်းပါးသည် စာရေးသူ၏ အတွေးအမြင်သာဖြစ်ပြီး ဒီဗွီဘီ၏ အာဘော်မဟုတ်ပါ။)