Home
ဆောင်းပါး
အရှေ့ အနောက် အပေါ် အောက်
DVB
·
February 12, 2025

ဒီနေ့အထိ နှစ်ပေါင်း ၇၀ ကျော် ကြာမြင့်လာခဲ့ပြီဖြစ်တဲ့ မြန်မာ့ပြည်တွင်းစစ်က အဓိကအားဖြင့် ဒီမိုကရေစီနဲ့ ဖက်ဒရယ်ဆိုတဲ့ အကျပ်အတည်းကြီး နှစ်ခုပေါ်မှာ အခြေခံပြီး ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

ပြည်တွင်းစစ် အစမှာ အာဏာရ(ဖဆပလ) အစိုးရကို လက်နက်စွဲကိုင် ပုန်ကန်ခဲ့ကြတဲ့ တော်လှန်ရေးအဖွဲ့တွေထဲမှာ (ဗကပ)၊ အလံနီ၊ ရဲဘော်ဖြူတို့က ဒီမိုကရေစီရေး မျှော်မှန်းချက်၊ (KNU) က ဖက်ဒရယ်ရေး   မျှော်မှန်းချက်နဲ့ အသီးသီး ဖြစ်ကြပါတယ်။ ဒါပေမဲ့ ပြည်တွင်းစစ် အစောပိုင်းကာလမှာ အလံနီနဲ့ ရဲဘော်ဖြူ၊ ၁၉၈၉ မှာ ဗကပ တို့ ပြိုကွဲသွားခဲ့ပြီးနောက်မှာတော့ ဒီမိုကရေစီရေး မျှော်မှန်းချက်သက်သက်နဲ့ လက်နက်ကိုင် တိုက်ပွဲဆင်နွှဲတဲ့ တော်လှန်ရေးအဖွဲ့ မရှိတော့ဘူးလို့ ဆိုနိုင်တဲ့ အနေအထား ရောက်သွားခဲ့ပါတယ်။ ရှစ်လေးလုံး အရေးတော်ပုံကြီး အကြမ်းဖက် ဖြိုခွဲခံခဲ့ရပြီးနောက် ဒီမိုကရေစီရေး မျှော်မှန်းချက်နဲ့ ပေါ်ပေါက်လာတဲ့ ကျောင်းသားတပ်မတော် (ABSDF) ကလည်း အင်အားကြီးထွားလာခဲ့ခြင်းမရှိပါဘူး။ တဖက်မှာ ဖက်ဒရယ်ရေး မျှော်မှန်းချက် (တစ်နည်း) လူမျိုးရေး မျှော်မှန်းချက်နဲ့ လက်နက်ကိုင်တိုက်ပွဲ ဆင်နွှဲတဲ့ တော်လှန်ရေးအဖွဲ့တွေကတော့ ပြည်တွင်းစစ်တလျှောက် အများအပြား တိုးလာခဲ့ပါတယ်။

မြေပေါ်မှာ (တစ်နည်း) အခြေခံဥပဒေဘောင်ထဲမှာ ဖက်ဒရယ်ရေး (သို့မဟုတ်) ပြည်ထောင်စုစစ်စစ် ပေါ်ထွက်လာရေး ကြိုးပမ်းမှုရှိခဲ့တာက ၁၉၆၀ ရွေးကောက်ပွဲနိုင်ပြီး တက်လာတဲ့ (ပထစ) အစိုးရလက်ထက်မှာ နောက်ဆုံးပါပဲ။ ၁၉၅၈ တုန်းက ရွေးကောက်ခံအရပ်သားအစိုးရကို ဖိအားပေး  အကျပ်ကိုင်ပြီး ရယူခဲ့တဲ့ နိုင်ငံတော်အာဏာမှာ တွယ်တာယစ်မူးနေတာကြောင့်ကလွဲပြီး တခြား ဘာကြောင့်မှ မဟုတ်တဲ့ ၁၉၆၂ စစ်အာဏာသိမ်းပွဲ အပြီးမှာတော့ ဖက်ဒရယ်မူကြောင့် ပြည်ထောင်စုကြီး ပြိုကွဲမယ့်အန္တရာယ်နဲ့ ကြုံလာရတဲ့အတွက် အာဏာသိမ်းလိုက်ရတာ ဖြစ်တယ် ဆိုတဲ့ စစ်တပ်ရဲ့ လက်ပူတိုက် အကြောင်းပြချက်ကို အကြောင်းပြုပြီး မြေပေါ်မှာ ဖက်ဒရယ်ဆိုတဲ့ အသံ လုံးဝ တိတ်ဆိတ်သွားခဲ့ပါတော့တယ်။

၁၉၈၈ မှာ ပြည်သူ့အရေးတော်ပုံကြီးကြောင့် မဆလ အစိုးရပြုတ်ကျပြီး အဲဒီအစိုးရက အာဏာလွှဲပေးတဲ့ စစ်အစိုးရ တက်လာ၊ ပါတီစုံစနစ် ပြန်ပေါ်လာပေမဲ့ စစ်အစိုးရ ခွင့်ပြုတဲ့ ဘောင်အတွင်းမှာပဲ လှုပ်ရှားရတာဖြစ်တဲ့ အဲဒီစနစ်ထဲမှာ ဘယ်ပါတီကမှ (စစ်အစိုးရ မကြိုက်တဲ့) ဖက်ဒရယ် ဆိုတဲ့ အသံကို ကျယ်ကျယ်လောင်လောင် မထုတ်ဝံ့ကြပါဘူး။ ဒီမိုကရေစီရေးကိုပဲ ဇောင်းပေး ပြောဆိုခဲ့ကြရပါတယ်။ လူထုရဲ့ထောက်ခံမှုကို အရဆုံးဖြစ်ခဲ့တဲ့ (NLD) ကတောင် ဖက်ဒရယ်စနစ်ရဲ့ အရေးပါမှုကို နက်နက်ရှိုင်းရှိုင်း သိမြင်သဘောပေါက်ထားသည့်တိုင် (စစ်အစိုးရနဲ့ ပြေလည်ရေးကို ရှေးရှုပြီး) ဖက်ဒရယ်ရေးကို သိပ်ရှေ့တန်းမတင်ခဲ့ပါဘူး။ တချိန်တည်းမှာ (NLD) ခေါင်းဆောင်များ (အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည်) က အဲဒီအရေး နှစ်ခုမှာ ဒီမိုကရေစီရေးက ပိုအရေးကြီးတယ်လို့ ယူဆထား(ကြ)တဲ့အတွက် အနာဂတ်မှာ ထူထောင်ဖို့ မျှော်မှန်းထားတဲ့ နိုင်ငံရဲ့ ပုံသဏ္ဌာန်နဲ့ပတ်သက်ပြီး ပါတီရဲ့ အရေးပါတဲ့ ထုတ်ပြန်ကြေညာချက်တွေမှာ ‘ဒီမိုကရေစီ ဖက်ဒရယ်နိုင်ငံ ထူထောင်မည်’လို့ ထည့်သွင်းဖော်ပြလေ့ရှိခဲ့ပါတယ်။

နွေဦးတော်လှန်ရေး ပေါ်ပေါက်လာတဲ့အခါမှာတော့ ဒီတော်လှန်ရေးရဲ့ သော့ချက်ကျဇာတ်ကောင် (key actor) တွေဖြစ်တဲ့ လူမျိုးစုတော်လှန်ရေးအဖွဲ့တွေရဲ့ မျှော်မှန်းချက်က အခရာကျလာပြီး   စစ်အာဏာရှင်ခေတ် အလွန်မှာ သူတို့ ထူထောင်မယ့်နိုင်ငံရဲ့ ပုံသဏ္ဌာန်ကလည်း ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ ဖြစ်လာပါတယ်။ စကားစုနှစ်ခု ရှေ့နဲ့နောက် ပြောင်းသွားခြင်း ဖြစ်ပါတယ်။ လက်တွေ့ဘဝမှာ လူမျိုးစု တော်လှန်ရေးအဖွဲ့တွေနဲ့ ရင်းရင်းနှီးနှီး နီးနီးကပ်ကပ် ပူးပေါင်းလက်တွဲ ဆောင်ရွက်လာခဲ့ရ၊ လူမျိုးစုတွေရဲ့ ခံစားချက်နဲ့ မျှော်မှန်းချက်ကို ပိုပြီး နက်နက်ရှိုင်းရှိုင်း သိမြင်သဘောပေါက် နားလည်လာခဲ့ရတဲ့ NLD လည်း ကြွေးကြော်သံဟောင်းကို လွှတ်ချပြီး ကြွေးကြော်သံသစ်ကို ကိုင်စွဲခဲ့ပါတယ်။

စစ်အစိုးရအဆက်ဆက်ကို လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက လက်နက်စွဲကိုင် တော်လှန်လာခဲ့ကြတဲ့ လူမျိုးစုအဖွဲ့တွေဟာ အခုအချိန်မှာ နွေဦးတော်လှန်ရေးကို အကြောင်းပြုပြီး သမိုင်းတလျှောက် တခါမှမရခဲ့ဖူးတဲ့ စစ်ရေးအောင်ပွဲတွေ ရရှိနေပြီး မဝေးတော့တဲ့ အနာဂတ်မှာ သူတို့ဒေသတွေဟာ (စကစ) ကင်းစင်နယ်မြေတွေ ဖြစ်လာမယ့် အရိပ်အယောင်တွေကို မြင်တွေ့နေရ ပါတယ်။

ဒီအခြေအနေမှာ လူမျိုးစုတော်လှန်ရေးခေါင်းဆောင်တချို့က သူတို့ဒေသတွေ စစ်အာဏာရှင် လက်အောက်က လွတ်မြောက်သွားပြီးပြီးချင်းမှာ ဒီမိုကရေစီစနစ်ကို ကျင့်သုံးလို့ မဖြစ်နိုင်သေးဘူး။ ဒေသလုံခြုံတည်ငြိမ်ရေးနဲ့ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းတွေ အပြည့်အဝ မပြီးစီးသေးခင်မှာ အချိန်ကာလတခုအထိ ဗဟိုမှ အမိန့်ပေးစနစ် (Centralism) ကိုပဲ ကျင့်သုံးသွားရဦးမှာဖြစ်တယ်လို့ ပြောဆိုလာကြပါတယ်။ တော်လှန်ရေးအောင်မြင်သွားခဲ့ပြီးနောက် ကာလတခုအထိ တော်လှန်ရေးကို ဦးဆောင်ဆင်နွှဲခဲ့တဲ့ အဖွဲ့အစည်းကပဲ အာဏာသုံးရပ်ကို ကိုင်စွဲထားမယ့်သဘော၊ ဘာရွေးကောက်ပွဲမှရှိလာဦးမှာ မဟုတ်သေးတဲ့သဘော ဖြစ်ပါတယ်။

လက်နက်အားကိုး အနိုင်ကျင့်ဗိုလ်ကျ စိုးမိုးအုပ်ချုပ်လာခဲ့တဲ့ စစ်အာဏာရှင်တွေလက်ထဲက   မိမိတို့ရဲ့ အမျိုးသားအကျိုးစီးပွားကို လက်နက်နည်းလမ်းနဲ့ပဲ ပြန်လည်ရယူနိုင်ခဲ့ကြတာဖြစ်တဲ့ လူမျိုးစုတော်လှန်ရေးအဖွဲ့တွေရဲ့ အဲဒီသဘောထားရပ်တည်ချက်က နားလည်မပေးနိုင်စရာ အကြောင်း မရှိပါဘူး။ အဲဒါက ယထာဘူတကျတဲ့ သဘောထားရပ်တည်ချက် ဖြစ်ပါတယ်။

ဒါပေမဲ့ အချိန်ကာလတခုအထိဆိုတဲ့ စကားရပ်ကတော့ ပြဿနာရှိကောင်းရှိနိုင်ပါတယ်။ တော်လှန်ရေးခေါင်းဆောင်တွေအနေနဲ့ အဲဒီစကားရပ်ကို ဉာဏ်ပညာအမြော်အမြင် ကြီးမားစွာ မှန်မှန်ကန်ကန် အဓိပ္ပာယ်ဖွင့်ဆိုနိုင်မှသာ ဒေသခံပြည်သူတွေအနေနဲ့ နောက်ထပ် အာဏာရှင်စနစ်တခုနဲ့  မကြုံကြရမှာ ဖြစ်ပါတယ်။ အာဏာရှင်တော်လှန်ရေးက ဒီမိုကရေစီစနစ်ကို မီးရှူးသန့်စင် ဖွားမြင်ပေးနိုင်မှသာ လူသားတွေအတွက် အပေါင်းလက္ခဏာဆောင်မှာ ဖြစ်ပါတယ်။

အာဏာရှင်တော်လှန်ရေးက နောက်ထပ်အာဏာရှင်စနစ်တခုကိုပဲ ထုတ်လုပ်ပေးတယ်ဆိုရင် အနုတ်လက္ခဏာဆောင်မှာ ဖြစ်ပါတယ်။ ကမ္ဘာကြီးက နောက်ထပ်ဂျော့ဝါရှင်တန်၊ နောက်ထပ် နယ်လ်ဆင်မင်ဒဲလားတို့ကိုပဲ အလိုရှိပါတယ်။ နောက်ထပ်ကင်အီဆွန်း၊ နောက်ထပ် ကပ်စထရို၊ နောက်ထပ် မူဂါဘီတို့ကို အလိုမရှိပါဘူး။

နွေဦးတော်လှန်ရေးအတွင်း နွေဦးဘက်တော်သားတွေအကြား (အထူးသဖြင့် လူမျိုးစု တော်လှန်ရေးအဖွဲ့တွေအကြား) ကျယ်ကျယ်လောင်လောင် ပေါ်ထွက်လာတဲ့နောက် အသံတခုက အောက်မှအပေါ်သို့ ဖက်ဒရယ်ပုံစံ (bottom up federalism) ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ် ၇၀ ကျော် ကာလအတွင်း အာဏာရအစိုးရတွေ ကျင့်သုံးလာခဲ့တဲ့ ပြည်ထောင်စုပုံစံက အပေါ်မှ အောက်သို့ ဖက်ဒရယ်ပုံစံ (top down federalism) ဖြစ်တယ်။ အဲဒီပုံစံကြောင့် မိမိတို့လူမျိုးစုတွေ အခြေခံအခွင့်အရေးတွေဖြစ်တဲ့ တန်းတူညီမျှမှု၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်တို့ ဆုံးရှုံးခဲ့ရတယ်ဆိုတဲ့ ရှုမြင်သုံးသပ်ချက်နဲ့ နိုင်ငံတော်သစ်ကို အရင်ကရှိခဲ့ပြီးသား ပြည်ထောင်စုပုံစံကို ဆက်လက် ထိန်းသိမ်းထားတဲ့စနစ် (holding together) အစား ကိုယ်ပိုင်အုပ်ချုပ်ခွင့်အပြည့်အဝရှိတဲ့ ပြည်နယ်တွေ (တစ်နည်း) ဖက်ဒရယ်ယူနစ်တွေအရင် တည်ထောင်၊ ပြီးတော့မှ   အဲဒီပြည်နယ်တွေ (ကိုယ့်သဘောနဲ့ကိုယ်) စုပေါင်းပြီး ဗဟို(တစ်နည်း) ပြည်ထောင်စုကို ဖွဲ့စည်းတဲ့စနစ် (coming together) ကို ကျင့်သုံးဖို့ ရည်ရွယ်တာ ဖြစ်ပါတယ်။

တကယ်တော့ ကျနော် တဦးတည်းအမြင်အရ ပြောရင် မြန်မာနိုင်ငံဟာ ဘယ်တုန်းကမှ ပြည်ထောင်စု (union) တခု ဖြစ်ခဲ့ဖူးတာ မဟုတ်ပါဘူး။ နိုင်ငံ့သမိုင်းတလျှောက်လုံး (အထူးသဖြင့်   လွတ်လပ်ရေးရပြီးနောက်ပိုင်း) ဗမာလူမျိုး ဗုဒ္ဓဘာသာဝင်တွေကပဲ ကြီးစိုးလွှမ်းမိုးတဲ့ တပြည်ထောင် (unitary) အဖြစ်သာ တည်ရှိခဲ့တာ ဖြစ်ပါတယ်။ ဗြိတိသျှအစိုးရက မြန်မာနိုင်ငံကို မဖြစ်မနေ လွတ်လပ်ရေးပေးရတော့မယ့်အချိန်မှာ ပြည်မ (Proper Burma)နဲ့ တောင်တန်းဒေသများ (Hilly Regions) ရယ်လို့ နှစ်ပိုင်းခွဲပြီး ပြည်မကိုပဲ လွတ်လပ်ရေးပေးဖို့ ကြံစည်ခဲ့တာ ဖြစ်တယ်။ ဒါကို လက်မခံနိုင်တဲ့ ဗိုလ်ချုပ်တို့က တနိုင်ငံလုံး တပေါင်းတစည်းတည်း လွတ်လပ်ရေးရယူနိုင်ဖို့ ကြိုးစားခဲ့ကြတယ်။  တောင်တန်းဒေသ ခေါင်းဆောင်တွေက တန်းတူညီမျှမှု ရှိရမယ်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရှိရမယ်၊ ခွဲထွက်ခွင့်ရှိရမယ်ဆိုတဲ့ ကတိကဝတ်တွေ ဗိုလ်ချုပ်ဆီက ရယူပြီးမှ တပေါင်းတစည်းတည်း လွတ်လပ်ရေးရေးရယူဖို့ သဘောတူညီခဲ့ကြတယ်။ ဒါပေမဲ့ လွတ်လပ်ရေးရပြီးနောက် အာဏာရလာတဲ့ (ဖဆပလ) အစိုးရက ဗိုလ်ချုပ် ပေးခဲ့တဲ့ ကတိကဝတ်တွေ (တစ်နည်း) ပင်လုံစာချုပ်ပါ လူမျိုးစုအခွင့်အရေးတွေကို တစတစ လျစ်လျူရှုလာခဲ့တယ်။ စစ်အစိုးရတွေလက်ထက်မှာ အခြေအနေက ပိုဆိုးသွားခဲ့တယ် ဆိုတဲ့ သမိုင်းဆိုင်ရာ ပကတိအရှိတရား (historical reality) တွေနဲ့ ပေါင်းစပ်ပြီး ချဲ့ထွင်စဥ်းစားလိုက်ရင် ကျနော့် အယူအဆကို လက်ခံနိုင်ကြမှာပါ။

ဒီတော့ စစ်အာဏာရှင်စနစ်အောက်မှာ မိမိတို့ရဲ့ လူမျိုးစုအခွင့်အရေးတွေ ဆုံးရှုံးလာခဲ့ကြရရုံသာမက အခြေခံလူ့အခွင့်အရေးတွေပါ ဆိုးဆိုးရွားရွား ချိုးဖောက်ခံခဲ့ကြရတဲ့ လူမျိုးစုတွေအနေနဲ့ လာမယ့်ပြည်ထောင်စုသစ်ကို (coming together) စနစ်နဲ့ပဲ ဖွဲ့စည်းဖို့ ရည်သန်ထားကြတာ အင်မတန်မှ သဘာဝကျတဲ့ကိစ္စတခု ဖြစ်ပါတယ်။ စစ်အာဏာရှင် ဘက်တော်သား မဟုတ်တဲ့ ပြည်မသား(ဗမာ)တွေ ဒီကိစ္စနဲ့ပတ်သက်ပြီး ဘာမှစောဒကတက်စရာ အကြောင်းမရှိပါဘူး။ တခုပါပဲ။ မြန်မာနိုင်ငံရဲ့ ပြည်ထောင်စုပုံစံဟောင်းက ပုံပျက်ပန်းပျက်ဖြစ်နေတဲ့ ပြည်ထောင်စု (deformed union) ဖြစ်ခဲ့တာမှန်ပေမဲ့ ဒီပုံစံက နှစ်ပေါင်း ၇၀  ကျော်တည်ရှိခဲ့တာမို့ အရာကိစ္စ အတော်များများက အမြစ်စွဲ (သို့မဟုတ်) ကျီးပေါင်းတက်နေပါပြီ။ အဲဒါက ပကတိအရှိတရား ဖြစ်ပါတယ်။ သံချေးတက်ပြီး ပူးကပ်နေတဲ့ ကတ်ကြေးတချောင်းရဲ့ အသွားနှစ်ဖက်ကို အမြန်ဆုံး ကွာသွားလိုတဲ့ဇောနဲ့ တူနဲ့ အတင်းရိုက်ထုပြီး ပလာယာနဲ့ ဆွဲခွာရင် ကျိုးပဲ့သွားမှာပါ။ ကာလတခုကြာအထိ သံချေးချွတ်ဆေးနဲ့ စိမ်ထားပြီးမှ သံချေးတွေကို စိတ်ရှည်လက်ရှည်နဲ့ တဖြည်းဖြည်းချင်း ပွတ်တိုက် ချွတ်ခွာ၊ ဒီတော့မှ အသုံးဝင်တဲ့ ကတ်ကျေးတလက် ပြန်ဖြစ်လာမှာပါ။

အဲသလိုပဲ တော်လှန်ရေးခေါင်းဆောင်တွေအနေနဲ့လည်း ပြည်ထောင်စုသစ်ကို ပုံဖော်တဲ့နေရာမှာ သတိတမံ ဉာဏ်မြေကတုတ် ဖြစ်ကြဖို့ သိပ်အရေးကြီးပါတယ်။ နှစ်ပေါင်းထောင်နဲ့ချီပြီး လူမျိုးစုတခုနဲ့တခု ရင်းရင်းနှီးနှီး နီးနီးကပ်ကပ် ကူးလူးယှက်နွယ် ပေါင်းသင်းဆက်ဆံလာခဲ့ကြတဲ့ သမိုင်းကြောင်း နှစ် ၇၀ ကျော်ကြာတည်ရှိခဲ့တဲ့ နိုင်ငံရေးစနစ်ကြောင့် လူမျိုးစုတခုနဲ့တခုကြားမှာ ရှိနေနိုင်တဲ့ သံသယစိတ်တွေ၊ လက်ရှိမှာဖြစ်ထွန်းတည်ရှိနေတဲ့ နိုင်ငံတကာအခင်းအကျင်း၊ နိုင်ငံအများရဲ့ စိုးရိမ်ပူပန်မှု စတဲ့   အရေးပါတဲ့ အရာအားလုံးကို ထည့်သွင်းစဥ်းစားပြီး မိမိတို့ ထူထောင်မယ့် ပြည်ထောင်စုသစ်ကို (coming)နဲ့ သွားမလား၊ (holding) နဲ့ သွားမလား၊ နှစ်မျိုးပေါင်း (hybrid)နဲ့ သွားမလားဆိုတာတွေကို နှိုင်းနှိုင်းချိန်ချိန်သုခမိန် ဆိုသလို တော်လှန်ရေး အင်အားစုအချင်းချင်း တိုင်တိုင်ပင်ပင် ဆွေးဆွေးနွေးနွေး ညှိညှိနှိုင်းနှိုင်း ချင့်ချင့်ချိန်ချိန် ဆောင်ရွက်ကြမှသာ ကောင်းမြတ်ခြင်းတရားတွေနဲ့ ပြည့်စုံတဲ့ ပြည်ထောင်စုသစ်ကြီး ပေါ်ထွန်းလာမှာ ဖြစ်ပါတယ်။

စည်တော်သံ

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024