စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်အတွင်းက ကျေးရွာ ၇ ရွာကို စစ်တပ်က ဧပြီ ၁၄ ရက် မနက်မှာ လေကြောင်းကနေ အကြိမ်အရေအတွက် အများအပြား ဗုံးကြဲခဲ့တယ်လို့ ကနီဒေသခံတွေဆီကနေ သိရပါတယ်။
စစ်တပ်က လေကြောင်းကနေ Y12 အမျိုးအစား အပါအဝင် ဂျက်ဖိုက်တာ၊ Mi35၊ ဒရုန်းနဲ့ စက်တပ်လေးထီးတွေနဲ့ပါ ဗုံးကြဲပစ်ခတ်တိုက်ခိုက်နေတာလို့ ဆိုပါတယ်။
ကနီမြို့နယ် ဒေသခံသတင်းအရင်းမြစ်က “ကောင်းကင်မှာ ပုစဉ်းတွေ ဝဲနေတဲ့အတိုင်းပဲဗျ။ တအုန်းအုန်း၊ တဒိုင်းဒိုင်းနဲ့။ အကုန်သေကြရတော့မယ် ထင်တယ်။ ဘာတွေရှိလို့ ကြဲနေတာလဲတော့ မသိဘူး။ အခုကြဲနေတဲ့ နေရာတွေက ငါးဖျက်ရွာ၊ မုဋ္ဌောအရှေ့ရွာ၊ မုဋ္ဌောအနောက်ရွာ၊ နတ်ကြီးရွာ၊ သမင်ခြံရွာ၊ ရွာသာရွာ၊ ဆူးလေကုန်းရွာတွေ ဖြစ်တယ်” လို့ ပြောပါတယ်။
အခုလို စစ်တပ်က ဗုံးကြဲတိုက်ခိုက်လို့ ကိုရင်နဲ့ အမျိုးသမီး သေဆုံးခဲ့ပြီး ကလေးတွေနဲ့ သင်္ကြန်ကာလ ဥပုသ်ဆောက်တည်တဲ့သူ အများအပြားလည်း ဒဏ်ရာရရှိတယ်လို့ သိရပါတယ်။
သမင်ခြံဒေသခံ ကိုကြီးစိုးက “ကျနော်တို့ သမင်ခြံရွာကိုတော့ ရွာအနောက်ဘက်ကို တလုံးချတယ်။ ဘုန်းတော်ကြီးကျောင်းကို ၃ လုံးချတယ်။ ၂ လုံးပေါက်ကွဲပြီး တလုံး မပေါက်ကွဲဘူးဗျ။ အဲလိုဗုံးကြဲလို့ ကိုရင်တပါး နေရာတင် ကျည်စထိမှန် သေဆုံးပြီး ဥပုသ်သီလ ဆောက်တည်သူ အများအပြား ထိခိုက်ဒဏ်ရာ ရရှိတယ်” လို့ DVB ကို ပြောပါတယ်။
စစ်တပ်က နေ့ခင်းပိုင်း ၁၁ နာရီအထိ သမင်ခြံရွာနဲ့ မုဌောရွာကြားက တောတဲတွေကို တိုက်ခိုက်နေဆဲ ဖြစ်တယ်လို့လည်း သိရပါတယ်။
ကနီမြို့နယ် ကျောက်လုံးကြီး ပြည်သူ့ကာကွယ်ရေးတပ်ရဲ့ တာဝန်ရှိသူ AK ကတော့ “မုဋ္ဌောရှေ့က မိန်းကလေးတယောက် သေတယ်။ ၂ ယောက် ဒဏ်ရာရတယ်။ အိမ်တလုံး မီးလောင်တယ်။ ငါးဖျက်ရွာကတော့ ရွာအဝင် တလုံးကြဲသွားတာ။ လူတော့ ထိခိုက်တာမရှိဘူး။ နတ်ကြီးရွာကို ဗုံးကြဲတာကတော့ စာသင်ကျောင်းပေါ်ကို ချသွားတာ။ စာသင်ကျောင်းကတော့ ပျက်စီးတယ်။ လူကတော့ ထိခိုက်မှုတော့ မရှိဘူး။ ဆူးလေကုန်းရွာကတော့ ရွာအနောက်ဘက် တလုံးချတာ။ လူတော့ ထိခိုက်တာမရှိဘူး။ ရွာသာရွာဘက်ကတော့ ဘာမှမသိရသေးဘူး” လို့ ပြောပါတယ်။
စစ်ကိုင်းတိုင်းအတွင်းမှာ စစ်ကောင်စီတပ်က လေယာဉ် အပါအဝင် စက်တပ်လေထီး၊ ဒရုန်းတွေနဲ့ တိုက်ခိုက်လို့ အရပ်သား သေဆုံးဒဏ်ရာတာတွေလည်း ရှိနေတယ်လို့ သိရပါတယ်။
ကနီမြို့နယ်အနီး ဒီပဲယင်းမြို့အတွင်းက ကြာခတ်ရွာကို ဧပြီ ၁၂ ရက်က လေယာဉ်နဲ့ ဗုံးကြဲချလို့ ကိုရင် ၃ ပါးနဲ့ စစ်ဘေးရှောင် ၂ ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။