Home
မြန်မာသတင်း
တန့်ဆည် လယ်မရွာဘုန်းကြီးကျောင်းကို စစ်လေယာဉ်ဖြင့် ဗုံးကြဲ၊ လူ ၁ ဦးသေဆုံးပြီး  ၃ ဦး ဒဏ်ရာရ
DVB
·
April 14, 2025

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်ရှိ လယ်မရွာဘုန်းတော်ကြီးကျောင်းကို စစ်ကောင်စီတပ်က ဧပြီ ၁၃ ရက် ညနေ ၃ နာရီခွဲက စတင်ပြီး လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

အဆိုပါ လယ်မကျေးရွာဟာ အိမ်ခြေ ၁၀၀ နီးပါးရှိပြီး ရေဦး-တန့်ဆည်-ကလေးဝသွား ကားလမ်းမဘေးမှာ တည်ရှိတဲ့ ကျေးရွာတရွာ ဖြစ်တယ်လို့လည်း သိရပါတယ်။

ဒေသခံရွာသားတယောက်က “ဗုံးသီးက ၄ လုံး ကြဲသွားတာ။ တခါကြဲရင် ၂ လုံးတွဲနဲ့ ၂ ကြိမ် ကြဲတာဗျ။ မြေပြင်မှာတော့ ဘာတိုက်ပွဲမှ မရှိဘူးဗျ။ သင်္ကြန်အခါကာလမှာ ဘုန်းကြီးကျောင်းမှာ သက်ကြီးရွယ်အိုတွေ ဥပုသ်စောင့်တဲ့ အချိန်လေဗျာ။ ဒါကို စစ်တပ်က မသိကြဘူးလား။ အခုတော့ ဘုန်းကြီးကျောင်း မီးလောင်တယ်။ ဘုရားစေတီ ပျက်စီးတယ်။ လူကတော့ လောလောဆယ် အမျိုးသမီးကြီးတဦး သေဆုံးတယ်။ ၃ ယောက် ဒဏ်ရာရတယ်။ ကျောင်းထိုင် ဘုန်းတော်ကြီးလည်း ပျောက်ဆုံးနေသေးတယ်ဗျ။ သေဆုံးအထိအခိုက်ကတော့ အခုလောလောဆယ် အတိအကျ အတည်ပြုမရသေးဘူးအစ်ကို။ ဘုန်းတော်ကြီးကျောင်း မီးလောင်နေလို့ မီးငြှိမ်းနေရတယ်” လို့ ပြောပါတယ်။

လယ်မရွာကို လာရောက်တိုက်ခိုက်တဲ့ စစ်တပ်‌လေယာဉ်ဟာ ဂျက်ဖိုက်တာ အမျိုးအစားဖြစ်ပြီး မိတ္ထီလာ ရှမ်းတဲလေတပ်ကနေ လာရောက်တိုက်ခိုက်သွားတာလို့လည်း သိရပါတယ်။

တန့်ဆည်မြို့နယ် ABSDF ရဲဘော်တယောက်က “ဂျက်ဖိုက်တာက ၂ စီးနဲ့ ဗုံးကြဲသွားတာ။ လောလောဆယ်တော့ အသေအဆုံးက အမျိုးသမီးကြီးတဦးနဲ့ ထိခိုက်ဒဏ်ရာ ၃ ဦးပဲ အတည်ပြုလို့ရသေးတယ်။ ကျန်တာကတော့ ဘာမှ အတိအကျ ပြောလို့မရသေးဘူး” လို့ ပြောပါတယ်။

စစ်တပ်က ဧပြီ ၁၂ ရက်ကလည်း ဒီပဲယင်းမြို့နယ်၊ ကြာခတ်ရွာ ဘုန်းတော်ကြီးကျောင်းကို လေယာဉ်နဲ့ ဗုံးကြဲလို့ ကိုရင် ၃ ပါး အပါအဝင် ပြည်သူ ၂ ယောက် သေဆုံးခဲ့ပြီး ဘုန်းတော်ကြီးကျောင်းနဲ့ ဓမ္မာရုံအဆောက်အအုံတွေ ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013