Home
မြန်မာသတင်း
မင်းကင်းမြို့နယ် ဇင်ကလဲရွာကို စစ်တပ်က ၂ ရက်ဆက်ဗုံးကြဲ၊ ၃ ဦးသေ ၂၁ ဦးဒဏ်ရာရ
DVB
·
April 12, 2025

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်တောင်ပိုင်း ဇင်ကလဲရွာကို ဧပြီ ၁၁ ရက်ညပိုင်းနဲ့ ၁၂ ရက် မနက်ပိုင်းမှာ စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ပြည်သူ ၃ ယောက် သေဆုံးပြီး ၂၁ ယောက် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

တိုက်ပွဲမရှိဘဲ ဗုံးကြဲလာတာဖြစ်ပြီး ဒေသခံပြည်သူတွေလည်း ရွာကနေ ထွက်ပြေးတိမ်းရှောင် နေကြရတယ်လို့ သိရပါတယ်။

ဒေသခံတယောက်က “ဘာတိုက်ပွဲမှတော့မရှိဘူး။ သူတို့ဘာသတင်းရလို့ အခုလိုချတာလဲ မသိဘူးပေါ့။ မနေ့ည ၇ နာရီ ဖိုက်တာ ၂ စီး နဲ့ ၃ကြိမ်ပတ်ပြီး ဗုံးသီးက ၃ လုံးကြဲချသွားတယ်။  လေကြောင်းတိုက်ခိုက်လို့ လူ ၃ ဦးသေ၊ အမျိုးသမီး ၂ ဦး၊ အမျိုးသား ၁ ဦး နေရာတင် သေဆုံးရတယ်ဗျ။ ဒဏ်ရာရ ၂၁ ဦးထဲက အမျိုးသမီး ၂၊ အမျိုးသား ၁ ဦးကတော့ ဒဏ်ရာတော်တော်လေး ပြင်းထန်တယ်ဗျ။ ကျန်တဲ့ ၁၈ ဦးကတော့ သိပ်မစိုးရိမ်ရဘူး။ ဝက်တွေ၊ နွားတွေလည်း သေဆုံးထိခိုက်တာတွေလည်းရှိတယ်ဗျ။ အခုဒီနေ့မနက်ခင်း ၁၀ နာရီ ၅၀ လောက်ကလည်း ရွာထဲကိုလေယာဉ်နဲ့ ဗုံးသီး ၂ လုံးထပ်ကြဲချသွားတယ်။ ဘာတွေထပ်ဖြစ်ဦးမလဲ မသိရသေးဘူး။ မနေ့ညက ဗုံးသီးကြဲတာက  လူနေအိမ် ၆ လုံးထက်မနည်း ပျက်စီးတယ်” လို့ ပြောပါတယ်။

အိမ်ခြေ ၃၀၀ လောက်ရှိတဲ့ ဇင်ကလဲရွာဟာ မင်းကင်းမြို့နယ်နဲ့ကနီမြိုနယ်အစပ်မှာတည်ရှိတဲ့ ကျေးရွာဖြစ်ပြီး ၂၀၂၂ ခုနှစ်ကလည်း စစ်တပ်ကမြေပြင်စစ်‌ကြောင်းထိုးပြီး ရွာကိုမီးရှို့လို့ လူနေအိမ် ၁၂၀ ကျော်၊ နွားတဲတွေနဲ့ စပါးကျီအများအပြားလည်း မီးလောင်ဆုံးရှုံးခဲ့ရဖူးပါတယ်။

မင်းကင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူတယောက်က “စစ်ကောင်စီတပ်ကတော့  ပြည်သူပေါ်ယုတ်မာတာကတော့ ပြောစရာကိုမရှိတော့။ အဲရွာမှာ အလှူလုပ်နေတာတော့ရှိတယ်။  အခု အချိန်အထိ စစ်တပ်ဘက်က  ထောက်လှမ်း‌ရေးဒရုန်းက ရွာပေါ်မှာ ပတ်ပျံနေတယ်။ ကူညီမှုကတော့ ကျနော်တို့ အဖွဲ့တွေက တတ်နိုင်တဲ့ဘက်ကနေ အစစအရာရာ ကူညီပေးမှုတွေလုပ်သွားမယ်။ အခုလည်း တတ်နိုင်တဲ့ဘက်ကနေ ရွာသားများအန္တရယ်ကင်းရှင်းဖို့ ကူညီပေးနေပါတယ်” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဇွန် ၃ ရက်နေ့ကလည်း မင်းကင်းမြို့နယ်၊ မတောရွာက မင်္ဂလာဆောင်ပွဲကို လေယာဉ်နဲ့ ဗုံးကြဲလို့ ကလေးသူငယ်တွေ အပါအဝင် အရပ်သားအများအပြား သေဆုံးခဲ့ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013