Home
မြန်မာသတင်း
ငလျင်ကြောင့် ဒေါ်အောင်ဆန်းစုကြည် ထိခိုက်မှုရှိ မရှိ ခိုင်လုံသည့် သတင်းမရသေး
DVB
·
April 14, 2025

အင်အားပြင်းငလျင်ကြောင့် နေပြည်တော်မှာ စစ်ကောင်စီရဲ့ အကျဉ်းချတာခံနေရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ထိခိုက်မှုရှိမရှိ ခိုင်လုံတဲ့ သတင်းမရသေးဘဲ သတင်းအမှောင်ချခံထားရတယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေက ပြောပါတယ်။ 

ဒေါ်အောင်ဆန်းစုကြည်ဟာ မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် ထိခိုက်မှုရှိခဲ့တယ်လို့ ဧပြီ ၁၁ ရက်က အွန်လိုင်းမှာ အတည်ပြုချက်မရှိတဲ့ သတင်းတွေ ပျံ့နှံ့ထွက်ပေါ်ခဲ့တာပါ။ နောက်ရက်မှာတော့ ထိခိုက်တဲ့သတင်းဟာ မဟုတ်ဘဲ ကျန်းမာရေး ကောင်းမွန်တယ်ဆိုတဲ့ သတင်းတွေ ပြန်ထွက်ပေါ်ခဲ့ပါတယ်။ 

နေပြည်တော်အကျဉ်းထောင်နဲ့နီးစပ်သူတွေကတော့ အဲ့ဒီသတင်း ၂ ခုစလုံးဟာ ခိုင်လုံမှုမရှိဘဲ ဒေါ်အောင်ဆန်းစုကြည် ထိခိုက်မှုရှိမရှိဆိုတာ စုံစမ်းလို့မရဘဲ သတင်းအမှောင်ချခံထားရတဲ့ အခြေအနေသာဖြစ်တယ်လို့ ပြောပါတယ်။ 

အကျဉ်းထောင်နဲ့ နီးစပ်သူတယောက်က “ကျနော်လည်း အဲ့ဒါကြားတော့ မေးကြတော့ အဲ့ဒါလည်း သတင်းအတိအကျတော့မဟုတ်ဘူး။ အတိအကျ ဘာမှမဖြစ်ဘူးဘဲပြောတယ်။ သေချာ ထပ်မေးလိုက်ဦးမယ်။ ခန့်မှန်းပြီး ပြောသလိုဖြစ်မှာစိုးလို့။ သူတို့မှာက နိုင်ငံသားနဲ့ပတ်သက်တဲ့မူက မရှိဘူးဆိုတော့ ဥပဒေကိုလုပ်တဲ့အခါမှာ မူကိုမကိုင်တဲ့သူတွေကို မူသွားပြောရင် ဥပဒေအရ ပြောရတာလည်း လမ်းကြောင်းတွေလွဲလို့ပါ။ ကျနော်လည်း အတိအကျကို မရဘူးဖြစ်နေတယ်။ ကျနော်တို့ သိနိုင်တဲ့လူ တော်တော်များများက အဲ့နားမှာ မထားတော့ဘူးဖြစ်နေတယ်။ အရင်တုန်းကတော့ နည်းနည်းအဆက်အသွယ်ရသေးတယ်။”

ဒီအခြေအနေနဲ့ပတ်သက်လို့ စစ်ကောင်စီသတင်းပြန်ကြားရေးတာဝန်ခံ ဗိုလ်ချုပ်ဇော်မင်းထွန်းကို အကြိမ်ကြိမ်ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ တုံ့ပြန်ဖြေဆိုတာမရှိခဲ့ပါဘူး။ 

ဒေါ်အောင်ဆန်းစုကြည်ကို ထိန်းသိမ်းတဲ့နေရာမှာထားတဲ့ ဝန်ထမ်းတွေကို စစ်ကောင်စီက နေရာ ပြောင်းရွှေ့ထားသလို အကျဉ်းဦးစီးတာဝန်ရှိသူတွေကို ပြင်ပနဲ့ သတင်းဆက်သွယ်ပြောဆိုခွင့်ကို လည်း ကန့်သတ်ထားတာကြောင့် အခြေအနေမှန်ကို သိရဖို့ ခက်ခဲနေတာပါ။

အငြိမ်းစားထောင်မှူး ဦးခင်မောင်မြင့်က “ငလျင်ကြောင့် လက်ထိခိုက်သွားတယ်လို့ကြားပါတယ်။ အရင်တုန်းကတော့ အကျဉ်းဦးစီးဌာနကလည်း မြေပြင်သတင်းတွေနဲ့ပတ်သက်လို့ လိုအပ်ရင် Confirm ဖြစ်အောင် အတည်ပြုရင် သူတို့က ပြောပေးတယ်။ အခုကျတော့ အကျဉ်းဦးစီးဌာနကလည်း မပြောတော့ဘူး ဒီသတင်းတွေနဲ့ပတ်သက်လို့။ အဲ့ဒီတော့ ကျနော်တို့က သတင်းအတည်မပြုနိုင်ဘူး။ ထွက်လာတဲ့သတင်းပေ့ါနော် ကောလာဟလလိုလို ဘာလိုလို သတင်းလောက်ပဲ ကြားရတဲ့ အနေအထားဖြစ်ပါတယ်။ နေပြည်တော်အချုပ်ထောင်မှာတော့ အမျိုးသမီး ၂ ယောက်အပါအဝင် အကျဉ်းသားအကျဉ်းသူ ၈ ယောက်လောက် ဒဏ်ရာရတယ်လို့ ပြောတယ်၊ ငလျင်ဘေးမှာလေ။ ဒေါ်အောင်ဆန်းစုကြည်ကတော့ နေပြည်တော်အချုပ်ထောင်ထဲမှာ မဟုတ်ဘူး။ ဒုဝန်ကြီးအဆင့်နေအိမ်တခုထဲမှာ ပြောင်းရွှေ့ပေးထားတာ တော်တော်ကြာပြီ။ နေပြည်တော်အချုပ်ထောင်က ဝန်ထမ်းငယ်လေးတွေ ကိုယ့်တပည့်သားသမီးငယ်လေးတွေနဲ့ အတည်ပြုတဲ့အခါမှာ အဲ့ဒီမှာတော့ မရှိဘူးလို့ပြောတော့ ဒါကတော့ ဖြစ်နိုင်တဲ့ ရာခိုင်နှုန်းများ ပါတယ်” လို့ ပြောပါတယ်။

အသက် ၈၀ ပြည့်တော့မယ့် ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်ကောင်စီလက်အောက်မှာ ထောင်ဒဏ် ၂၇ နှစ် ကျခံနေရတာဖြစ်ပြီး လုံလောက်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု ရမရ မသေချာတဲ့ အခြေအနေမှာ ရှိနေတာပါ။ 

နိုင်ငံတကာက ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးရေး ဒါမှမဟုတ် တွေ့ဆုံခွင့်ရရေးတို့အတွက် အကြိမ်ကြိမ် တိုက်တွန်းတောင်းဆိုခဲ့ပေမဲ့ စစ်ကောင်စီက ခွင့်မပြုဘဲ လျစ်လျူရှုထားခဲ့ပါတယ်။ 

သုတချမ်းသာ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013