Home
မြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည် ငလျင်ကြောင့် ထိခိုက်မှု ရှိ၊ မရှိ သတင်းမှောင်ချထားသည့်အပေါ်  စိုးရိမ် 
DVB
·
March 31, 2025

ငလျင်ဘေးသင့် နေပြည်တော်မှာ အကျဉ်းချခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်  အန္တရာယ်ကင်းကြောင်း သတင်းတွေထွက်ပေါ်နေပေမဲ့ စစ်ကောင်စီဘက်က အတည်ပြု ပြောကြားမှု မရှိတာဟာ မရိုးသားမှုဖြစ်တယ်လို့ မြန်မာ့အရေး လေ့လာသူတွေက ပြောပါတယ်။

မတ် ၂၈ ရက်မှာ လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ဟာ ဒေါ်အောင်ဆန်းစုကြည်ကို ထိန်းသိမ်းထားတဲ့ နေပြည်တော်မှာလည်း ကြီးမားတဲ့သက်ရောက်မှု ရှိခဲ့တာပါ။

ငလျင်လှုပ်ပြီးနောက် ဒေါ်အောင်ဆန်းစုကြည် အန္တရာယ်ကင်းကြောင်း သတင်းတချို့ ထွက်ပေါ်ခဲ့ပြီး သားဖြစ်သူ ကင်မ်အဲရစ်ကလည်း အလားတူ သတင်းရထားတယ်လို့ ပြောဆိုခဲ့ပါတယ်။ လက်တွေ့ မြေပြင်အခြေအနေအရ နီးစပ်သူတွေကို စုံစမ်းကြည့်ရာမှာတော့ ဒေါ်အောင်ဆန်းစုကြည် အန္တရာယ်ကင်းနေကြောင်း ခိုင်လုံတဲ့သတင်းအချက်အလက် မရကြတာကို တွေ့ရပါတယ်။

အငြိမ်းစားထောင်မှူးတယောက်ဖြစ်တဲ့ ဦးခင်မောင်မြင့်က “အန္တရာယ်တော့ ကင်းတယ် ကြားပါတယ်။ ခက်တာကဗျ ဒီနောက်ပိုင်းမှာကျ အကျဉ်းထောင်အသိုက်အဝန်းကလည်း သတင်းတွေ မပေးတော့ဘူး၊ မေးလည်း မဖြေတော့ဘူး၊ သူတို့လည်း ကြပ်ထားတယ်နဲ့တူတယ်။ ရှိနေတဲ့လူတွေ ညွှန်မှူးတွေ ထောင်ပိုင်တွေကအစ ကျနော့်တပည့်တွေပဲလေ၊ ဒါပေမဲ့ သူတို့ မပြောကြတော့ဘူး။ အဲဒီတော့ သတင်းနည်းနည်းအဆက်ပြတ်တယ်။ သိရသလောက်ကတော့ အန္တရာယ်ကင်းတယ်တော့ ပြောပါတယ်။ ကျနော်တို့ သိထားတာတော့ ဒုတိယဝန်ကြီးတယောက် နေတဲ့အိမ်မှာလို့ ပြောတယ်။ အကျဉ်းထောင်ထဲမှာတော့ မဟုတ်ဘူး၊ သီးခြားထားထားတယ်လို့ ပြောပါတယ်။ ပြင်ပတွေ့ဆုံခွင့်၊ ရှေ့နေတွေနဲ့တော့ မပေးဘူး။ သားတယောက်အနေနဲ့တော့ သူ ဒီလိုပဲလုပ်ရမှာပဲလေ။ ဒါလည်း သူ လုပ်ရမယ့်အလုပ် သူလုပ်တာပေါ့လေ။ ကျနော်တို့ကတော့ ဒါနဲ့ပတ်သက်လို့ ဘာမှ မှတ်ချက်မပေးလိုဘူးပေါ့နော်” လို့ ပြောပါတယ်။

စစ်အာဏာသိမ်းခါစမှာ စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် ထားခဲ့ပေမဲ့ နောက်ပိုင်းမှာ နေပြည်တော်အချုပ်ထောင်ထဲကို ပြောင်းရွှေ့ ထိန်းသိမ်းခဲ့တာပါ။

အဲဒီနောက်ပိုင်းမှာ ဒုတိယဝန်ကြီးအဆင့်နေအိမ်ကို ပြန်လည်ပြောင်းရွှေ့ခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပေမဲ့ အဲဒါကလည်း ခိုင်လုံတဲ့သတင်း မဟုတ်ခဲ့ပါဘူး။

မတ်လ ၂၈ ရက်နေ့ ငလျင်လှုပ်ချိန်ပြီးချိန်မှာလည်း ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံ့ခေါင်းဆောင်တွေ၊ နိုင်ငံရေးအကျဉ်းသားတွေရဲ့ အခြေအနေတွေကို သတင်းထုတ်ပြန်တာမျိုး မရှိခဲ့ပါဘူး။

နေပြည်တော်အချုပ်ထောင်နဲ့ နီးစပ်သူက “ကျနော်တို့ ထွေထွေထူးထူးကြီးတော့ ဘာမှ မကြားရသေးလို့ပါ၊ နီးစပ်တဲ့သူတော့ မေးထားတယ်။ ကျနော်ကလည်း တဆင့် နှစ်ဆင့်လောက် ပြန်ပြန်မေးရလို့ပါ၊ ဘာမှကို မသိရသေးဘူး၊ မေးပြီးရင် ပြန်ဆက်ပါမယ်၊ ပြန်ပြောပါမယ်၊ ကျနော် ပြန်မေးထားပါဦးမယ်” လို့ ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၂၂ ဒီဇင်ဘာလမှာ ရှေ့နေအဖွဲ့နဲ့ နောက်ဆုံးတွေ့ဆုံခွင့်ရခဲ့တာဖြစ်ပြီး အဲဒီနောက်ပိုင်းမှာ စစ်ကောင်စီက သတင်းအမှောင်ချပြီး ပြင်ပနဲ့ အဆက်အသွယ် ဖြတ်ထားခဲ့ပါတယ်။

လတ်တလောအခြေအနေနဲ့ ပတ်သက်ပြီး စစ်ကောင်စီ သတင်းပြန်ကြားရေးတာဝန်ခံ ဗိုလ်ချုပ်ဇော်မင်းထွန်းကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမဲ့ ပြန်လည်တုံ့ပြန်ဖြေကြားမှု မရှိခဲ့ပါဘူး။

နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ (FPPS) တာဝန်ရှိသူ ဦးထွန်းကြည်က “ဒေါ်အောင်ဆန်းစုကြည် အပေါ်မှာ အငြိုးအတေးနဲ့ ပြန်ပေးဆွဲထားတယ်၊ ဓားစာခံလုပ်ထားတယ်လို့ ရှုမြင်သုံးသပ်တယ်။ အကြမ်းဖက် စကစဘက်က သူ ဖမ်းထားတဲ့အတွက်ကြောင့်မို့လို့ သူ့မှာ တာဝန်အပြည့်အဝ ရှိတယ်။ ဒီလိုမျိုး နိုင်ငံခေါင်းဆောင်တယောက်ကို ပုဒ်မပေါင်းများစွာတပ်တယ်၊ တပ်ပြီး ထောင်ချတယ်။ ထောင်ဝင်စာကိစ္စနဲ့ပတ်သက်လို့ လုံးဝကို မျက်နှာလွှဲခဲပစ် လုပ်ထားတယ်။ ငလျင်လှုပ်တယ်ပေါ့နော်၊ နေပြည်တော်မှာလည်း အသေအပျောက် အရမ်းများတယ်ဗျ။ သို့သော်ငြားလည်း အခုအချိန်အထိ သတင်းအမှောင်ချထားတာကိုက မရိုးသားဘူးလို့ ရှုမြင်သုံးသပ်တယ်။ ကျနော်တို့မျက်ကွယ်မှာ လေးနှစ်ကျော် ငါးနှစ်အတွင်း ရောက်လာပြီ၊ အလွန်အမင်း စိုးရိမ်မကင်းဖြစ်တယ်။ ထောင်တွေမှာလည်း အထူးသဖြင့် ရမည်းသင်း၊ နေပြည်တော် အချုပ်ထောင်နဲ့ အိုးဘိုထောင်တွေကို ကျနော်တို့က အလွန်တရာမှ စိုးရိမ်သံသယဖြစ်တယ်” လို့ ပြောပါတယ်။

အသက် ၈၀ ပြည့်တော့မယ့် ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်ကောင်စီလက်အောက်မှာ ထောင်ဒဏ် ၂၇ နှစ် ကျခံနေရတာဖြစ်ပြီး ထောင်ဝင်စာတွေ့ခွင့်မရသလို လုံလောက်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု ရမရ မသေချာတဲ့ အခြေအနေမှာလည်း ရှိနေတာပါ။

နိုင်ငံတကာက ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးရေး ဒါမှမဟုတ် တွေ့ဆုံခွင့်ရရေးတို့အတွက် အကြိမ်ကြိမ် တိုက်တွန်းတောင်းဆိုခဲ့ပေမဲ့ စစ်ကောင်စီက ခွင့်မပြုဘဲ လျစ်လျူရှုထားခဲ့ပါတယ်။

သုတချမ်းသာ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013