
ဧရာဝတီတိုင်းက ချောင်းသာနဲ့ ငွေဆောင်က ဟိုတယ်တွေမှာ သင်္ကြန်အတွက် အခန်းဘွတ်ကင်အပြည့်ရထားပြီး ရန်ကုန်က ဧည့်သည်တွေ အလာများတယ်လို့ ခရီးသွားလုပ်ငန်းရှင်တွေဆီကနေ သိရပါတယ်။
သင်္ကြန်ကာလ အပန်းဖြေ ရေကစားဖို့အတွက် ဟိုတယ်နဲ့ တည်ခိုရိပ်သားတွေက အခန်းတွေကို ပြီးခဲ့တဲ့ မတ်လ ပထမအပတ်ကတည်းက ဘွတ်ကင်တင်ထားကြတာဖြစ်ပြီး လက်ရှိ ဟိုတယ်နဲ့တည်ခိုရိပ်သာတွေက အခန်းတွေအားလုံး အခန်းလွတ်မရှိတဲ့အထိ ပြည့်နေပြီလို့ ဆိုပါတယ်။
“ဘွတ်ကင်တွေက အလွတ်မရှိတဲ့အထိ ပြည့်နေတာ။ ရန်ကုန်နဲ့ ဧရာဝတီဘက်ကနေ ဘွတ်ကင်တင်ထားတဲ့သူတွေ များတယ်။ အခု ရန်ကုန်ဘက်ကနေ ဧည့်သည်တွေ အလာများနေတယ်” လို့ ချောင်းသာက ခရီးသွားလုပ်ငန်းရှင်တယောက်က ပြောပါတယ်။
ချောင်းသာနဲ့ ငွေဆောင်ကမ်းခြေတွေက ဟိုတယ်နဲ့တည်းခိုရိပ်သာတွေမှာ အခုနှစ် အခါသင်္ကြန်ပိတ်ရက်တွေမှာ အပန်းဖြေ ရေကစားဖို့အတွက် ရန်ကုန်၊ ဧရာဝတီတိုင်းနဲ့ နေပြည်တော်ဘက်က ဘွတ်ကင်တင်ထားသူတွေ များတယ်လို့ ဆိုပါတယ်။
ငွေဆောင်က ခရီးသွားလုပ်ငန်းရှင် တယောက်က “တချို့က ငလျင်မလှုပ်ခင်ကတည်းက ဘွတ်ကင်တင်ထားတာပါ။ တချို့ကတော့ ငလျင်ကြီးလှုပ်ပြီးတော့မှ ဘွတ်ကင် တင်ကြတာ။ စိတ်အပန်းဖြေဖို့အတွက် ကမ်းခြေလာကြမှာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ပျော်ပါးဖို့တော့ မဟုတ်လောက်ပါဘူး” လို့ ပြောပါတယ်။
ပြင်းထန်တဲ့ ငလျင်ဘေးအန္တရာယ်ကြောင့် ဝမ်းနည်းကြေကွဲနေရတဲ့ ကာလဖြစ်လို့ အခုနှစ်သင်္ကြန်ကို အပျော်အပါး သီဆိုကခုန်တာတွေ မပါဝင်ဘဲ ရိုးရာယဉ်ကျေးမှုနဲ့အညီ အေးချမ်းသာယာတဲ့ သင်္ကြန်အဖြစ် ကျင်းပသွားမယ်လို့ စစ်ကောင်စီက ပြီးခဲ့တဲ့ဧပြီ ၁ ရက်မှာ ကြေညာထားပါတယ်။
ရခိုင်ပြည်နယ်နဲ့ ထိစပ်နေတဲ့ ရွှေသောင်ယံနဲ့ သာပေါင်းဘက်မှာ စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော် AA တို့ တိုက်ပွဲဖြစ်ပွားနေတာကြောင့် ချောင်းသာနဲ့ ငွေဆောင်ကမ်းခြေမှာ ခရီးသွားဧည့်တွေ လာရောက်လည်ပတ်သူ မရှိသလောက်အထိ ဖြစ်ခဲ့တာပါ။
စစ်တပ် အာဏာမသိမ်းခင်ကတော့ ဧရာဝတီတိုင်းက ချောင်းသာနဲ့ ငွေဆောင်ကမ်းခြေဟာ ပြည်တွင်း ပြည်ပ ခရီးသွားတွေ အများဆုံး လာရောက်ခဲ့ပြီး လတ်တလောမှာတော့ ချောင်းသာကမ်းခြေမှာ ဟိုတယ်နဲ့ တည်းခိုရိပ်သာ ၂၆ လုံး၊ ငွေဆောင်ကမ်းခြေမှာ ၃၂ လုံးနဲ့ ဝန်ဆောင်မှုပေးနေတယ်လို့ သိရပါတယ်။