Home
မြန်မာသတင်း
ပဲခူးတွင် သင်္ကြန်အတွက် နိုင်ငံရေးအကျဉ်းသားမိသားစုများထံမှ ခြိမ်းခြောက်ငွေတောင်းခံ
DVB
·
April 13, 2025

ပဲခူးမြို့က ရပ်ကွက်တချို့မှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ ရာအိမ်မှူးတွေက သင်္ကြန်စည်ကားဖို့ ရန်ပုံငွေ ဆိုပြီး အကျဉ်းထောင်တွေထဲမှာ ထောင်ချခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား မိသားစုဝင်တွေဆီကို ခြိမ်းခြောက် ငွေတောင်းခံနေတယ်လို့ နိုင်ငံရေးအကျဉ်းသား မိသားစုဝင်တွေဆီက သိရပါတယ်။ 

ရပ်ကွက်ရာအိမ်မှူးတွေက ကျိုက်စကောထောင်မှာ ပဲခူး၊ ပုဏ္ဏားစုရပ်ကွက်က လူတွေ များနေလို့ ထောင်ပြောင်းရမှာဖြစ်ကြောင်း၊ ထောင်ပြောင်းခံရတဲ့အထဲမှာ မပါရအောင် ဦးချိုဝင်း ဆိုတဲ့လူရဲ့ ဖုန်းကို ဆက်ပြီး ညှိနှိုင်းဖို့ နိုင်ငံရေးအကျဉ်းသား မိသားစုဝင်တွေရဲ့အိမ်တွေကို ခြိမ်းခြောက်ငွေတောင်းခံနေတာလို့ နိုင်ငံရေးအကျဉ်းသူတယောက်ရဲ့ ဖခင်က  ပြောပါတယ်။

“အိမ်ကသမီးက ၄ နှစ်ရှိပြီ ထောင်ထဲမှာ။ အဲဒါကို သူတို့ မှတ်ထားနိုင်တာ အံ့ဩတယ်။ တ‌နေ့ကပဲ ရပ်ကွက်ရုံးက  ဖုန်းနံပါတ်တလုံး လာပို့‌ပေးတယ်၊ အဲဒီနံပါတ်ကို ဆက်ပြီး ကိုယ့်အိမ်က လူ၊ ထောင်ပြောင်းထဲမပါဖို့ ညှိလိုက်တဲ့။ အဲဒီနံပါတ်က အကျဉ်းဦးစီးကနေ ရပ်ကွက်ရုံးကို လှမ်းပို့ပေးတာတဲ့။ အဲဒါနဲ့ ရပ်ကွက်ထဲက တခြား နိုင်ကျဉ်းမိသားစုတွေကို ဖုန်းတွေဆက်ပြီး တယောက်နဲ့ တယောက် မေးကြည့်တော့မှ တချို့က ၆ သိန်းတောင်းတယ်၊ တချို့က ၄ သိန်း တောင်းတယ်နဲ့ တချို့က ၁ သိန်းနဲ့ ညှိလို့ရတယ်နဲ့ ကျနော်တို့တရပ်ကွက်လုံးက နိုင်ကျဉ်းရှိတဲ့ သူတိုင်းကို လိုက်တောင်းတာ။” 

ဒါနဲ့ပတ်သက်ပြီး အကျဉ်းထောင် ဝန်ထမ်းအချို့ကို မေးကြည့်ရာမှာ ထောင်ပြောင်းမရှိကြောင်းနဲ့ ထောင်ဝန်ထမ်းထဲမှာလည်း ဦးချိုဝင်းဆိုသူ မရှိကြောင်း ပြောတယ်လို့ နိုင်ငံရေးအကျဉ်းသား မိဘတယောက်က ဆိုပါတယ်။

“ကိုယ်တွေက ၁၅ ရက်တခါ ထောင်ဝင်စာသွားနေကြမို့လို့ ထောင်က ဝန်ထမ်းတချို့နဲ့ သိနေတာ။ အဲ့ဒါနဲ့ ထောင်က တပွင့်တယောက်ကို ဖုန်းဆက်ပြီး လှမ်းမေးကြည့်တာ၊ ထောင်ပြောင်းမရှိပါဘူးတဲ့။ နောက်ပြီး ရပ်ကွက်ရုံးကပေးတဲ့ ဖုန်းနံပါတ်နဲ့ ဦးချိုဝင်း ဆိုသူလည်း ထောင်ဝန်ထမ်းထဲမှာမရှိဘူးတဲ့၊ ထောင်ကလည်း အဲဒီလို ငွေတောင်းခိုင်းတာမျိုး မရှိဘူးတဲ့။ တကယ် ထောင်ပြောင်းရှိနေရင်လည်း ထောင်ကတောင် ကြိုမသိရဘူး၊ ငွေပေးပြီး မပြောင်းရဖို့လည်း လုပ်လို့ မရပါဘူးတဲ့၊ တပွင့်အရာရှိက ရှင်းပြတယ်။ ဒါက ရပ်ကွက်ရုံးက လူတွေက သက်သက်လိမ်ပြီး စားတာတဲ့၊ မယုံပါနဲ့တဲ့ သူကတောင် ပြောပြတာ။ တချို့ ပေးလိုက်ရတဲ့သူတွေက ပေးပြီးနေကြပြီ။ အခုကာလ လူတိုင်းငတ်နေကြတာ၊ ထောင်ဝင်စာတောင် တချို့တွေ လတိုင်းမပို့နိုင်ကြတာကို  ရပ်ကွက်ရုံးက လူတွေ လုပ်စားရက်တယ်။"

အဲဒီစ္စနဲ့ပတ်သက်ပြီး ပဲခူးထွေအုပ်ရုံးက ဝန်ထမ်းတယောက်ကို  DVB ဆက်သွယ်မေးမြန်းရာမှာ အခုဟာက တရားဝင် ‌ထွေအုပ်ရုံးတွေက လုပ်ခိုင်းတာ မဟုတ်ကြောင်း၊ ရပ်ကွက်ထဲမှာ သင်္ကြန်ကာလအတွင်း စည်ကားဖို့အတွက် သူ့တို့နည်း သူတို့ဟန်နဲ့ ရန်ပုံငွေရှာဖွေနေတာလို့ ပြောပါတယ်။

တခြားနိုင်ငံရေးအကျဉ်းသားတချို့ရှိတဲ့ ဟင်္သာကုန်း၊ ကမာနတ် ရပ်ကွက်တွေမှာတော့ အခုလိုမျိုး ငွေတောင်းခံတာမရှိပေမဲ့ မြို့သစ်ရပ်ကွက်မှာတော့ ပြီးခဲ့တဲ့ မတ်လထဲမှာ အခုလိုတောင်းခံတာတွေရှိနေကြောင်း DVB က စုံစမ်းသိရပါတယ်။ 

ပုဏ္ဏားစုရပ်ကွက်ရုံးနဲ့ ရပ်ကွက်ရာအိမ်မှူးတွေပေးတဲ့ ဦးချိုဝင်းရဲ့ ဖုန်းကို DVB က ဆက်သွယ်ခဲ့ပေမဲ့ မရပါဘူး။

ပဲခူးမြို့မှာ နိုင်ငံရေးအကျဉ်းသား ရာနဲ့ချီ အဖမ်းခံထားရတဲ့အထဲမှာ ပုဏ္ဏားစုရပ်ကွက်က ၁၀၀ နီးပါးခန့်ရှိပြီး အများစုက ကျိုက်စကောထောင်ထဲမှာ ရှိနေကြတယ်လို့ နိုင်ငံရေးအကျဉ်းသားတွေကို အကူအညီပေးနေတဲ့ ပဲခူးမြို့ခံတယောက်က ပြောပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013