
ပဲခူးမြို့က ရပ်ကွက်ကျေးရွာတချို့မှာ သင်္ကြန်ပွဲတော်အတွက် အိမ်ထောင်စုအလိုက် ခွဲတမ်းထည့်ဝင် ငွေပေးသွင်းခဲ့ရပြီး သင်္ကြန်ပွဲမလုပ်ဖြစ်တဲ့နောက် ပေးသွင်းခဲ့တဲ့ပိုက်ဆံတွေလည်း ပြန်မရဘူးလို့ ဒေသခံတွေက ပြောပါတယ်။
ပဲခူးမြို့မှာ စစ်ကောင်စီရဲ့အစီအစဉ်နဲ့ သင်္ကြန်ပွဲကျင်းပဖို့ဆိုပြီး မတ်လ နောက်ဆုံးအပတ်လောက်က တအိမ်ကို ကျပ် ၃,၀၀၀၊ ၅,၀၀၀ နှုန်းနဲ့ ရပ်ကွက်နဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွေက ငွေကောက်ခံခဲ့တာလို့ ဆိုပါတယ်။
ပဲခူး ဥသာမြို့သစ်ဒေသခံပြည်သူတယောက်က “ငလျင်မတိုင်ခင်က ကောက်တာမြို့သစ် ဘက်မှာ တချို့ ၃,၀၀၀၊ တချို့ ၅,၀၀၀။ အုပ်ကြီးနဲ့ရာအိမ်မှူးတွေက အဓိက ကောက်သွားတာ၊ အခု သူတို့ကခေါင်းရှောင်နေတယ်” လို့ ပြောပါတယ်။
၂၀၁၅ NLD အစိုးရလက်ထက်မတိုင်ခင်နဲ့ စစ်တပ်အာဏာသိမ်းပြီးတဲ့ကာလတွေမှာ ပဲခူးမြို့က သင်္ကြန်မဏ္ဍပ်ဆောက်ဖို့အတွက်ကို အလားတူ အချိုးကျငွေထည့်ခဲ့ရတာလို့လည်း သူက ဆိုပါတယ်။
ပဲခူးမြို့က အရပ်ဘက်အဖွဲ့အစည်းဝင်တယောက်က “သင်္ကြန်မဏ္ဍပ်လည်းမဆောက်ဖြစ်တော့ဘူး ဆိုရင် ကောက်ထားတဲ့ပိုက်ဆံတွေ ပြန်ပေးရမှာလေ။ အခုက စာရင်းကိုပျောက်နေတာ။ အောက်ခြေက စားသွားတာလား ဘာလားမသိရဘူး၊ ပြည်သူတွေပဲခံရတာ” လို့ ပြောပါတယ်။
စစ်ကောင်စီရဲ့ခွင့်ပြုချက်နဲ့ သင်္ကြန်မဏ္ဍပ်ဆောက်လုပ်ဖို့အတွက် ပဲခူးပြည်သူအချို့က အချိုးကျငွေ ထည့်သွင်းခဲ့ရသလို လုပ်ငန်းရှင်တချို့ဆီကနေလည်း ဖိအားပေးငွေကောက်ခံခဲ့တယ်လို့ ကိုယ်တိုင်ကြုံရသူတချို့က ဆိုပါတယ်။
လက်ရှိမှာ သင်္ကြန်ပွဲအတွက်မသုံးဖြစ်ပေမဲ့ ငလျင်ဘေးအတွက် လှူလိုက်တယ်လို့ တာဝန်ခံငွေကောက်ခဲ့သူတချို့က ပြောဆိုနေပြီး ငွေစာရင်းရှင်းလင်းပေးဖို့ မြို့ခံပြည်သူတွေက လိုလားနေပါတယ်။