စစ်ကိုင်းမြေငလျင်ကြောင့် ထိခိုက်ခံစားရတဲ့ မြန်မာလူထုကို ကူညီထောက်ပံ့ဖို့ ဥရောပသမဂ္ဂ (EU) ရဲ့ အရေးကြီးထောက်ပံ့ရေးပစ္စည်း ၅၅ တန်ကို တင်ဆောင်လာတဲ့ ဒုတိယမြောက်လေယာဉ်ဟာ ဧပြီ ၉ ရက်မှာ ရန်ကုန်မြို့ကို ရောက်ရှိလာပါတယ်။
အဲဒီပစ္စည်းတွေထဲမှာ ဥရောပသမဂ္ဂက စီစဉ်ပေးတဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေဖြစ်တဲ့ အရေးပေါ်အမိုးအကာ၊ ဆေးဘက်ဆိုင်ရာ အထောက်အပံ့တွေနဲ့ လိုအပ်နေသူတွေကို ကူညီဖို့ တခြားအရေးကြီးပစ္စည်းတွေ ပါဝင်တယ်လို့ EU မြန်မာရုံးက ထုတ်ပြန်ပါတယ်။
မြန်မာနိုင်ငံမှာ လုပ်ကိုင်နေတဲ့ အီတလီနိုင်ငံက လူသားချင်းစာနာမှုအဖွဲ့အစည်း Cesvi Onlus ဟာ လိုအပ်မှုအပေါ် အခြေခံပြီး အဲဒီအထောက်အပံ့တွေကို သက်ဆိုင်ရာဒေသတွေကို စနစ်တကျ ဖြန့်ဝေသွားမယ်လို့ ဆိုပါတယ်။
အခုလို လေယာဉ်နဲ့ပေးပို့တဲ့ ထောက်ပံ့မှုဟာ ဥရောပသမဂ္ဂ Humanitarian Air Bridge ရဲ့ ဒုတိယအကြိမ်မြောက် ပေးပို့မှုဖြစ်ပြီး ပထမအကြိမ် လေယာဉ်နဲ့ တန်ချိန် ၈၀ ခန့်ရှိတဲ့ ထောက်ပံ့ရေးပစ္စည်းတွေကိုလည်း လိုအပ်တဲ့သူတွေဆီ ဖြန့်ဝေနိုင်ဖို့ UNICEF ဆီကို လွှဲပြောင်းပေးအပ်ခဲ့တယ်လို့ သိရပါတယ်။
လေကြောင်းကပို့ဆောင်တဲ့ ပစ္စည်းတွေအပြင် ဥရောပသမဂ္ဂက ၂၀၂၅ ခုနှစ်အတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီ ယူရို ၃၃ သန်းကို ထောက်ပံ့ဖို့ ချမှတ်ထားပြီး အခု မြေငလျင် အရေးပေါ်တုံ့ပြန်မှုအတွက် ယူရို ၁၃ သန်းကိုလည်း ထပ်မံထောက်ပံ့မယ်လို့ ကြေညာထားပါတယ်။
ဥရောပသမဂ္ဂအနေနဲ့ မြန်မာပြည်သူတွေနဲ့အတူ အမြဲရပ်တည်နေပြီး မြေပြင်ပေါ်က မိတ်ဖက်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းကာ အမှန်တကယ် အရေးတကြီးလိုအပ်သူတွေဆီကို အကူအညီတွေ ရောက်ရှိဖို့ ဆောင်ရွက်နေတယ်လို့လည်း အသိပေးထားပါတယ်။