Home
မြန်မာသတင်း
တက္ကသိုလ်ဝင်တန်း အဖြေလွှာများ မီးလောင်ပျက်စီးသွားသည့် စာစစ်ဌာနများ စာမေးပွဲ ပြန်ဖြေရမည်
DVB
·
April 13, 2025

ငလျင်ဒဏ်ကြောင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲအဖြေလွှာတွေ မီးလောင်ပျက်စီးခဲ့တဲ့ မန္တလေး၊ စစ်ကိုင်း၊ နေပြည်တော်နဲ့ ကချင်ပြည်နယ်က ကျောင်းသားကျောင်းသူ ၆၀၀၀၀ ကျော်  မေလ ၅ ရက်မှာ စာမေးပွဲပြန်ဖြေရမယ်လို့ ပညာရေးနဲ့နီးစပ်သူတွေဆီက သိရပါတယ်။

အဖြေလွှာတွေ မီးလောင်ပျက်စီးခဲ့တဲ့ မန္တလေးတိုင်းအတွင်းက မြို့နယ်ပညာရေးမှူးရုံးတွေဆီကို တိုင်းပညာရေးဦးစီးဌာနက စာမေးပွဲပြန်လည်ကျင်းပနိုင်ရေးအတွက်  ဧပြီ ၁၁ ရက်မှာ  စာပေးပို့ ခဲ့တယ်လို့ မန္တလေးမြိုခံ ပညာရေးဝန်ထမ်းတယောက်က ပြောပါတယ်။

"၁၀ ရက်နေ့က တိုင်းပညာရေးကို စာဝင်တယ်။  ၁၁ ရက်မှာ မြို့နယ်ပညာရေးမှူးရုံးတွေကို စာရောက်တယ်။ အကြောင်းအရင်းက အဖြေလွှာတွေ မီးလောင်တဲ့ စာစစ်ဌာနတွေ စာမေးပွဲပြန်ကျင်းပဖို့။ သိချင်လို့ထပ်မေးကြည့်တော့ မေလ ၅ ရက်လို့ ပြောတယ်။”

မြို့နယ်ပညာရေးမှူးရုံးတွေကို ပေးတဲ့ရည်ညွန်းစာထဲမှာတော့ မတ် ၂၉ ရက်က ငလျင်ဘေး အတွက် မန္တလေးကို စစ်ခေါင်းဆောင်ရောက်လာချိန် ပညာရေးဝန်ကြီးကို ညွန်ကြားခဲ့တာလို့ သိရပါတယ်။

လတ်တလောမှာ အဖြေလွှာမီးထဲပါသွားတဲ့ စာစစ်ဌာနတွေအနေနဲ့ စာမေးပွဲပြန်လည်ဖြေဆိုဖို့ ကျောင်းသား၊ ကျောင်းသူတွေကို ဆက်သွယ်တာမရှိသေးဘူးလို့ ကျောင်းသားမိဘတယောက်က ပြောပါတယ်။

"အဖြေလွှာတွေမီးလောင်တဲ့အထဲမှာ မန္တလေးကပိုများတယ်။ ကျောင်းသားကျောင်းသူ ၄၀၀၀ ကျော်တယ်။ စစ်ကိုင်းနဲ့ ကချင်က ဒုတိယအများဆုံးပဲ။ နေပြည်တော်က ထောင်ကျော်လောက် ရှိတယ်။ အခုချိန်ထိ ကျောင်းတွေက မဆက်သွယ်သေးဘူး။”

မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် မန္တလေးတက္ကသိုလ်ပင်မအဆောင်ကို ပို့ဆောင် ထားတဲ့ မန္တလေး၊ စစ်ကိုင်း၊ နေပြည်တော်နဲ့ ကချင်ပြည်နယ်က ကျောင်းသားကျောင်းသူ ၆၂၉၅၄ ယောက်ဖြေဆိုထားတဲ့ အဖြေလွှာ ၄ သိန်းလောက် မီးလောင်ဆုံးရှုံးခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထား ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013