
မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နားမှာ ဧပြီ ၁၃ ရက် ဒီမနက်ပိုင်းက ပြင်းအား ရစ်ချ်တာစကေး ၅ ဒသမ ၅ ရှိ မြေငလျင်ထပ်လှုပ်ခတ်ခဲ့ပြီး ၂၄ နာရီအတွင်း ၈ ကြိမ်လှုပ်ခတ်ခဲ့ပြီဖြစ်ပါတယ်။
မတ် ၂၈ ရက် အင်အားပြင်းငလျင်ရဲ့ နောက်ဆက်တွဲအဖြစ် ပြင်းအားနဲ့ အတိမ်အနက်မတူတဲ့ ငလျင်တွေ နေ့တိုင်းလှုပ်ခတ်နေတာဖြစ်ပြီး နောက်ဆက်တွဲ ငလျင်တွေကြောင့် ထိခိုက်ပျက်စီးတာသိပ်မရှိပေမဲ့ ပြည်သူတွေကတော့ စိုးရိမ်ထိတ်လန့် နေကြရတာပါ။
မန္တလေးဒေသခံတယောက်က “ဒုန်းခနဲပဲ။ တော်တော်ပြင်းတယ်။ ပြေးကြလွှားကြပေါ့။ ညညဆိုလည်း ကောင်းကောင်း အိပ်ရတာမဟုတ်ပါဘူး” လို့ ပြောပါတယ်။
ဒီမနက် ၈ နာရီ ၅၅ မိနစ်လောက်က ဝမ်းတွင်းမြို့နားကို ဗဟိုပြုပြီး အနက် ကီလိုမီတာ ၂၀ ကနေ ပြင်းအား ရစ်ချ်တာစကေး ၅ ဒသမ ၅ နဲ့ လှုပ်ခဲ့တာလို့ မိုးဇလဌာနက ထုတ်ပြန်ပါတယ်။
ဒီမနက် ငလျင်ရဲ့လှုပ်ခတ်မှုကို မန္တလေး၊ ကျောက်ဆည်အပါအဝင် ပတ်ဝန်းကျင် ဒေသတွေကလည်း သိသိသာသာ ခံစားခဲ့ကြရတယ်လို့ ဒေသခံတွေက လူမှုကွန်ရက်မှာ ရေးသားထားကြပါတယ်။
အမေရိကန်ဘူမိဗေဒလေ့လာရေးဌာန (USGS)ကတော့ မိထ္ထီလာကို ဗဟိုပြုပြီး ရစ်ချ်တာစကေး ၅ ဒသမ ၅ ရှိ ငလျင်လှုပ်ခတ်တာလို့ ထုတ်ပြန်ထားပါတယ်။
မနေ့ကလည်း မနက် ၆ နာရီ မိနစ် ၅၀ လောက်ကနေ ည ၈ နာရီ ၄၃ မိနစ်အထိ ပဲခူးတိုင်း အုတ်တွင်းမြို့၊ ကျောက်တံခါးမြို့၊ မန္တလေးတိုင်း မန္တလေး၊ ကျောက်ဆည်၊ စဉ့်ကူနဲ့ နေပြည်တော် တပ်ကုန်းတို့မှာ ငလျင် ၇ ကြိမ်လှုပ်ခတ်ခဲ့ပါတယ်။
ပြင်းအားကတော့ ရစ်ချ်တာစကေး ၃ နဲ့အထက်ပဲရှိပေမဲ့ အနက်က ၃၄ ကီလိုမီတာ၊ ၃၈ ကီလိုမီတာနဲ့ ၃၉ ကီလိုမီတာတို့ကနေ လှုပ်ခတ်ခဲ့တာဖြစ်ပြီး နောက်ဆက်တွဲငလျင်တွေထဲမှာ အနက်ဆုံး နေရာကနေ လှုပ်ခတ်ခဲ့တာ ဖြစ်ပါတယ်။
Video : Myo Hlaing