Home
မြန်မာသတင်း
ကောလင်းကို လေကြောင်းက ပစ်ခတ်သဖြင့် စစ်ရှောင် ၂ ဦး ဒဏ်ရာရ
DVB
·
April 13, 2025
Photo: Kawlin Revolution-KR၊ Kawlin info
Photo: Kawlin Revolution-KR၊ Kawlin info
Photo: Kawlin Revolution-KR၊ Kawlin info
Photo: Kawlin Revolution-KR၊ Kawlin info
Photo: Kawlin Revolution-KR၊ Kawlin info

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်ကို စစ်ကောင်စီက နေ့တိုင်းဆိုသလို လေကြောင်းကနေ ဗုံးကြဲပစ်ခတ်တိုက်ခိုက်နေပြီး ဧပြီ ၁၃ ရက် ဒီနေ့လယ်မှာလည်း ရွှေဘို-မြစ်ကြီးနား ကားလမ်းဘေးက ညောင်ကုန်းကို အကြမ်းဖက်စစ်ကောင်စီက လေယာဉ်နဲ့ ပစ်ခတ်တိုက်ခိုက်လို့ အဆောက်အအုံတွေ ပျက်စီးမီးလောင်ပြီး ပြည်သူ ၂ ယောက် ဒဏ်ရာရသွားပါတယ်။

မြေပြင်စစ်ဆင်ရေးမရှိဘဲ ၁၂ နာရီ ၆ မိနစ်မှာ မိတ္ထီလာလေတပ်က တက်လာတဲ့ တိုက်လေယာဉ်က မြို့နယ်အရှေ့ခြမ်းမှာ မိနစ်နည်းနည်းပျံဝဲပြီး ၁၂ နာရီ ၁၂ မိနစ်မှာ ပစ်ခတ်တိုက်ခိုက်တာလို့ Kawlin Revolution-KR က ထုတ်ပြန်ထားပါတယ်။

၃ ကြိမ်ပစ်ခတ်ခဲ့ပြီး ဆီဆိုင်ကို ထိမှန်တာကြောင့် မီးလောင်ပျက်စီးခဲ့သလို အမျိုးသား ၁ ယောက်နဲ့ အမျိုးသမီး ၁ ယောက် ဒဏ်ရာရခဲ့တယ်လို့ ကောလင်းသတင်းတွေကို ဖော်ပြပေးနေတဲ့ Kawlin info က ဆိုပါတယ်။

Kawlin info တာဝန်ခံတယောက်က “သူတို့က နယ်ခံမဟုတ်ဘူးခင်ဗျ။ တခြားနေရာကနေ စစ်ရှောင်ရင်းနဲ့ ဆီရောင်းဝယ်လုပ်စားနေတာပေါ့” လို့ ပြောပါတယ်။

အဲဒီတိုက်လေယာဉ်ဟာ ပစ်ခတ်တိုက်ခိုက်ပြီးနောက် ကန့်ဘလူနယ် အရှေ့ခြမ်းကိုဖြတ်ပြီး တောင်ဘက်ကို ပြန်လည်ဆင်းသက်သွားတယ်လို့လည်း သိရပါတယ်။

ဧပြီ ၁၁ ရက်ညနေပိုင်းကလည်း ကောလင်းမြိုနယ်၊ ကချင်ကုန်းရွာနဲ့ တောင်ဘို့လှအုပ်စု၊ လျှော်ဖြူကုန်းရွာကို တိုက်လေယာဉ်နဲ့လာရောက်ပစ်ခတ်လို့ စစ်ရှောင် အမျိုးသမီးအပါအဝင် ၂ ယောက် သေဆုံးခဲ့ပါတယ်။

ဧပြီ ၁၀ ရက် မွန်းလွဲကလည်း အင်ပင်လှရွာ စာသင်ကျောင်းကို ပေါင် ၅၀၀ ဗုံး ၂ လုံးကြဲချပြီး ပစ်ခတ်ခဲ့တာကြောင့် ကျောင်းမှာနေထိုင်တဲ့ စစ်ရှောင်မိသားစုကို ထိမှန်ပြီး ၁၄ နှစ်အရွယ် မိန်းကလေးသေဆုံး၊ သူ့အမေအပါအဝင် ၂ ယောက်က အပြင်းအထန် ဒဏ်ရာရခဲ့ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013