
အောင်ဇေယျစစ်ကြောင်းထိုးစစ် ၁ နှစ်ပြည့်ချိန်မှာ စစ်ကောင်စီတပ်က ဗျူဟာမှူးတယောက်၊ တပ်ရင်းမှူး ၄ ယောက်အပါအဝင် တပ်ဖွဲ့ဝင် ၅၀၀ ကျော် သေဆုံးတယ်လို့ ကရင်အမျိုး သားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မှူး ဗိုလ်မှူး စောဒါဘောက ပြောပါတယ်။
ထိုးစစ်ကို စတင်ဦးဆောင်ခဲ့တဲ့ စစ်ကောင်စီ တပ်မ ၅၅ တပ်မမှူးလည်း နောက်တန်း ခေါ်ယူစစ်ဆေးခံနေရပြီး တနှစ်အတွင်း သုံ့ပန်း ၉၅ ယောက်ကို ဖမ်းမိခဲ့ကြောင်းလည်း ဗိုလ်ဒါဘောက သတင်းထောက်တွေကို ပြောပါတယ်။
၂၀၂၄ မတ်လကုန်နဲ့ ဧပြီလဆန်းမှာ KNLA၊ PDF ပူးပေါင်းတပ်တွေက သင်္ဃန်းညီနောင်ဗျူဟာ မြဝတီမြို့စောင့်တပ် ခလရ ၂၇၅ တို့ကို သိမ်းလိုက်ပြီးနောက် ဧပြီ ၉ ရက်မှာ စစ်ကောင်စီတပ်က အောင်ဇေယျ စစ်ကြောင်းကို စစ်သည်အင်အား ၁၂၀၀ ကနေ ၁၅၀၀ အထိသုံးပြီး စတင်ခဲ့တာ အခုဆိုရင် ၁ နှစ်ပြည့်သွားပါပြီ။
စစ်ကောင်စီက သံချပ်ကာ ကားတွေ၊ ဒရုန်းတပ်တွေ လက်နက်ကြီးတွေနဲ့ နိုင်ငံတော်အဆင့် ၄ ရက်နဲ့အပြီး တိုက်မယ်လို့ ကြွေးကြော်ခဲ့ပေမဲ့ အခု ၁ နှစ်ကြာတိုင် မအောင်မမြင် ဖြစ်ခဲ့ရကြောင်း ဗိုလ်ဒါဘောက ပြောပါတယ်။