
ဧရာဝတီတိုင်း၊ ကျုံပျော်မြို့နယ်မှာ စစ်ကောင်စီခန့် ရပ်ကျေးအုပ်ချုပ်ရေးမှူးတယောက် သေနတ်နဲ့ ပစ်ခတ်ခံရပြီး ဆေးရုံတင်ပို့ချိန်လမ်းမှာပဲ သေဆုံးသွားတယ်လို့ သူနဲ့နီးစပ်တဲ့ ဒေသခံဆီကနေ သိရပါတယ်။
သေနတ်နဲ့ပစ်ခတ်ခံရတဲ့ အုပ်ချုပ်ရေးမှူးမှာ ညောင်ပင်ကွင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးလှကြိုင်ဖြစ်ပြီး ဧပြီ ၁၀ ရက် နေ့လယ် ၂ နာရီဝန်းကျင်မှာ သေနတ်နဲ့ ပစ်ခတ်ခံရလို့ ကျုံပျော်မြို့နယ်ကနေ ရန်ကုန်ဆေးရုံကြီးကို ပို့ဆောင်စဉ် လမ်းပေါ်မှာ သေဆုံးသွားတာပါ။
သေဆုံးသူနဲ့ နီးစပ်သူတယောက်က “ကိုလှကြိုင်က မြို့နယ်အဆင့် အစည်းအဝေးတက်ပြီး ပြန်လာချိန် လမ်းပေါ်မှာ ပစ်သတ်ခံရတာ။ ဆိုင်ကယ်နဲ့ ပြန်လာရင်း ပစ်သတ်ခံရတာ။ ပြင်းထန်ဒဏ်ရာ ၂ ချက်လောက်နဲ့ ဆေးရုံတင်ပို့ချိန် လမ်းပေါ်မှာ သေဆုံးသွားတာ” လို့ ပြောပါတယ်။
အုပ်ချုပ်ရေးမှူး လှကြိုင်ကို ဘယ်အဖွဲ့က သေနတ်နဲ့ ပစ်ခတ်တယ်ဆိုတာ ဧပြီ ၁၁ ရက်အထိ သတင်းထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။
အုပ်ချုပ်ရေးမှူး သေနတ်နဲ့ပစ်ခတ်ခံရပြီး သေဆုံးခဲ့တဲ့အတွက် ညောင်ပင်ကွင်းကျေးရွာမှာ စစ်ကောင်စီတပ်က လာရောက်စစ်ဆေးခဲ့သလို ကျုံပျော်မြို့နယ် အဝင်အထွက် နေရာတွေမှာလည်း တင်းတင်းကျပ်ကျပ် ရှာဖွေစစ်ဆေးနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။