
ဧရာဝတီတိုင်း၊ ကျုံပျော်အနောက်ဘက်မှာရှိတဲ့ စောပြာကျေးရွာမှာ အာရက္ခတပ်တော် (AA) ပူးပေါင်းတော်လှန်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲအတွင်း သေဆုံးခဲ့တဲ့ အရာရှိ အလောင်းအပိုင်းအစတွေကို သယ်ယူလာပြီး ကျုံပျော်မြို့မှာ မီးသင်္ဂြိုဟ်ခဲ့တယ်လို့ ကျုံပျော်မြို့ခံတွေဆီက သိရပါတယ်။
မတ် ၂၁ ရက်နေ့က တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က အရာရှိအပါဝင် တပ်ဖွဲ့ဝင်အများအပြား သေဆုံးခဲ့ပေမဲ့ သေဆုံးသူတွေရဲ့ ရုပ်အလောင်းတွေ ပြန်မရတာကြောင့် အလောင်းအပိုင်းအစ တချို့ကို သယ်ယူလာပြီး စစ်ရေးပြအခမ်းအနားနဲ့ မီးသင်္ဂြိုဟ်ပေးခဲ့တယ်လို့ ဆိုပါတယ်။
ကျုံပျော် ခလရ ၃၆ တပ်နဲ့ နီးစပ်သူက “စောပြာကျေးရွာတိုက်ပွဲမှာ သေဆုံးတဲ့သူတွေများတယ်။ အလောင်းတောင် ပြန်ကောက်လို့ မရဘူး။ ဗိုလ်မှူးအဆင့်ရှိတဲ့ အရာရှိတယောက်ကတော့ ကိုယ်အင်္ဂါ အပိုင်းအစလေးတွေသာ ပြန်ကောက်နိုင်ခဲ့ပြီး မတ် ၂၂ ရက် မနက် ၈ နာရီ ထိုးလောက်က ကျုံပျော်မြို့ အမတဥယျာဉ်သင်္ဂြိုဟ်စက်မှာ စစ်ရေးပြအခမ်းအနားနဲ့ သေနတ် ၆ ချက်ဖောက်ပြီး မီးသဂြိုဟ်ခဲ့တယ်” လို့ DVB ကို ပြောပါတယ်။
နားရေးကို စစ်ရေးပြအခမ်းအနားနဲ့ သေနတ်ဖောက်ပြီး မီးသင်္ဂြိုဟ်ခဲ့ပေမဲ့ စစ်ကောင်စီတပ်ဖွဲ့တွေ သေဆုံးလို့ နာရေးလုပ်တာ လူသိမှာစိုးလို့ သင်္ဂြိုဟ်စက်မှာ အမှိုက်မီးရှို့ပြီး ယမ်းတွေ အမှိုက်ထဲပါလို့ ပေါက်ကွဲမှုဖြစ်တယ်ဆိုပြီး စစ်ကောင်စီတပ်က ကျုံပျော်မြို့နယ်အတွင်း သတင်းလွှင့်ထားတယ်လို့ ဆိုပါတယ်။
ဧရာဝတီတိုင်းအတွင်းက သာပေါင်း၊ လေးမျက်နှာနဲ့ ကျုံပျော်မြို့နယ်အစပ်မှာ အာရက္ခတပ်တော် (AA) ပူးပေါင်းတော်လှန်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့အကြား ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်ဖွဲ့တွေက ရခိုင်နဲ့ ဧရာဝတီတိုင်းအစပ်မှာရှိတဲ့ မြို့နယ်တွေမှာ လုံခြုံရေးတင်းကျပ်ထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။