
စစ်ကောင်စီတပ်က ဧရာဝတီတိုင်းအဝင်မှာရှိတဲ့ ပန်တိုင်ဂိတ်ကနေ ကုန်တင်ကားအလွတ် ၉ စီး ချောဆွဲထားပြီး ဒီနေ့အထိ ပြန်မပေးသေးဘူးလို့ ကုန်ကားပိုင်ရှင်တွေဆီကနေ သိရပါတယ်။
ပြီးခဲ့တဲ့ မတ် ၂၇ ရက်က စတင်လို့ စစ်ကောင်စီတပ်က အရေးပေါ်လိုအပ်ချက်အရ ချောဆွဲတယ်ဆိုကာ ကုန်တင်ကားတွေကို ဂိတ်မှာထားခဲ့ခိုင်းပြီး ကားမောင်းသူတွေကို လိုင်းကားနဲ့ ပြန်လွှတ်ခဲ့တာဖြစ်ပြီး ချောဆွဲခံရတဲ့ကားတွေ ဒီနေ့ ဧပြီ ၁၀ ရက်အထိ ပြန်မရသေးဘူးလို့ ဆိုပါတယ်။
ကားသမားတယောက်က “ဘယ်မှာသုံးမယ်၊ ဘာအတွက်သုံးမယ် ဆိုတာတော့ မသိရပါဘူး။ ၂၈ ရက်နေ့ကတည်းက ချောဆွဲခံရတာ။ ကားတွေကို ထားခဲ့ခိုင်းတာ။ ပြီးတော့ လိုင်းကားနဲ့ ပြန်ခိုင်းခဲ့တာ။ ဖုန်းဆက်ပြီး အကြောင်းကြားမယ်ပဲ ပြောတာ။ ဒီနေ့အထိ ပြန်မရသေးဘူး” လို့ ပြောပါတယ်။
ရန်ကုန်နဲ့ ဧရာဝတီတိုင်းကနေ ကုန်သွယ်နေတဲ့ ကုန်တင်ကားအလွတ်တွေ အဓိက ချောဆွဲခံထားရပြီး ကုန်ကားသမားတွေရဲ့ ဖုန်းနံပါတ်တောင်းကာ အသုံးပြုပြီးပါက ပြန်လွှတ်ပေးမယ်ဆိုပြီး ကားတွေကို ယူထားလိုက်တာလို့ ဆိုပါတယ်။
ကုန်ကားယာဉ်မောင်းတယောက်က “ပန်တိုင်ဂိတ်မှာ ကုန်အလွတ်နဲ့ကား ဆိုတာနဲ့ ထားခဲ့ရတာ။ သူတို့သုံးပြီးရင် မင်းတို့ကားလာယူဖို့ ငါတို့ ဖုန်းဆက်မယ် ပြောယူထားတာ။ နီးရာဓားကြောက်နေရတော့ ဘာတတ်နိုင်မှာလဲ။ ချောဆွဲထားတဲ့ကားတွေ မနည်းတွေ့ရတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်နဲ့ ပူးပေါင်းအဖွဲ့တွေက ဧရာဝတီတိုင်း ပန်တိုင်အဝင်ဂိတ်မှာ တင်းတင်းကျပ်ကျပ် စစ်ဆေးနေပြီး ကုန်တင်ကားတွေအနေနဲ့ ဂိတ်ကိုဖြတ်တိုင်း ငွေကြေးပေး ဖြတ်သန်းနေရတာလို့ သိရပါတယ်။
အရင်က အဲဒီ ပန်တိုင်ဂိတ်မှာ ကုန်တင်ယာဉ်တွေသာ ငွေကြေးပေးဖြတ်ကြရပြီး အခုအခါ ခရီးသည်တင်ယာဉ်နဲ့ ရန်ကုန်ဈေးတက်ဝယ်ပြီး ပြန်လာတဲ့ ကားတွေပါ ငွေပေးမှ ဖြတ်လို့ရတော့တယ်လို့ ဆိုပါတယ်။