
ငလျင်ဒဏ် ဆိုးဆိုးဝါးဝါးခံစားခဲ့ရတဲ့ မန္တလေးမြို့ရဲ့ မြောက်ဘက် ၁၅ မိုင်အကွာအဝေးမှာရှိတဲ့ မတ္တရာမြို့နယ်အတွင်းက ရေချောင်းဘိုရွာကို စစ်ကောင်စီတပ်က ဧပြီ ၁၀ ရက် နေ့ခင်း ၁၁ နာရီ ၄၁ မိနစ်က လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
တံတားဦးလေဆိပ်ကနေ တက်လာတဲ့ ဂျက်ဖိုက်တာနဲ့ ဗုံးကြဲခဲ့တာလို့ ဒေသခံရွာသားတယောက်က ပြောပါတယ်။
“ဘာတိုက်ပွဲမှမရှိဘဲ အကြောင်းမဲ့သက်သက်ကို လာချတာ။ ကြဲတာက ၂ လုံး ဖြစ်မယ်ဗျ။ ပေါက်ကွဲသံက ၂ ချက် ကြားလိုက်ရတယ်။ သူတို့ အခုလိုကြဲချလို့ ရေချိုး၊ အဝတ်လျှော်နေတဲ့ ဒေသခံ အမျိုးသမီးတဦး ဝမ်းဗိုက်ထိမှန်ဒဏ်ရာနဲ့ သေဆုံးခဲ့ပြီး နွားစာရိတ်နေတဲ့ ဒေသခံ အမျိုးသား ၃ ဦး ကျည်ထိမှန်ဒဏ်ရာ ရရှိခဲ့တယ်ဗျ။ နောက်ပြီး ဒေသခံ လူနေအိမ်တလုံး မီးလောင်ပျက်စီးခဲ့ရတယ်။”
စစ်ကောင်စီတပ်က ပြီးခဲ့တဲ့ ဧပြီ ၂ ရက်ကစတင်ကာ ၂၁ ရက်ကြာ အပစ်အခတ် ရပ်စဲတယ်လို့ ကြေညာချက် ထုတ်ပြန်ထားပေမဲ့လည်း အခုလို တိုက်ခိုက်တာတွေ နေ့စဉ်လိုလို လေကြောင်းအပါအဝင် စက်တပ်လေထီး၊ လက်နက်ကြီးများနဲ့ တိုက်ခိုက်တာတွေ ပြုလုပ်နေတယ်လို့လည်း သိရပါတယ်။
မတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေး ရဲဘော်တယောက်က “ကျနော်တို့ဘက်ကတော့ ထိုးစစ်ဆင်တာမျိုး ဘာတခုမှ မလုပ်ဘူး။ သူတို့ပစ်ချင်လို့ကို ပစ်သွားတာ။ အဲရွာက မတ္တရာမြို့မဈေးရဲ့ အနောက်မြောက်ဘက် ၄ မိုင်နီးပါး အကွာအဝေးရှိပြီး မန္တလေးမြို့နဲ့ဆိုရင် ၁၇ မိုင်ကျော် အကွာအဝေးရှိတယ်။ အဲရွာမှာ မတ်လ ၂၈ ရက်က ငလျင်လှုပ်သွားလို့ ဘုရား၊ စေတီနဲ့ အုတ်တံတိုင်း ပြိုကျပျက်စီးတာတွေ ရှိတဲ့ရွာဗျ။ ဗုံးကြဲချသွားတာက ရွာရဲ့ မြောက်ဘက်နဲ့ တံငါမြစ်အကြားကို ကြဲချသွားတာ” လို့ ပြောပါတယ်။
ရေချောင်းဘိုရွာဟာ အိမ်ခြေ ၁၂၀ ရှိတဲ့ကျေးရွာ ဖြစ်သလို ရေချောင်းဘိုရွာ အနီးမှာလည်း စကစ အခြေပြုထားတဲ့ ပန်းယျရွာ၊ ရွှေညာမြေ KTV အထိုင်စခန်းတွေရဲ့ အနောက်မြောက်ဘက် ၂ မိုင်ကျော် အကွာအဝေးရှိတဲ့ ကျေးရွာတရွာ ဖြစ်တယ်လို့လည်း သိရပါတယ်။