
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေနယ်မှာ ဧပြီ ၅ ရက် ညနေပိုင်းက စစ်ကောင်စီလက်အောက်ခံတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့လို့ ပြည်သူတချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြကာ လူနေအိမ်တွေလည်း မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ဒေါင်းရင်သွေးပြောက်ကျားတပ်ဖွဲ့ (DYT) ရဲ့ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ G4 က “အဲဒီနေ့က ကျနော်တို့ မြစ်ခြေနယ်ထဲကပဲ အောင်သာပျူရွာ စစ်တပ်အထိုင်စခန်းကနေ ညနေ ၅ နာရီလောက်က စပြီးတော့ ည ၉ နာရီဝန်းကျင်လောက်အထိကို လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်ခဲ့တာ အလုံးရေများတယ်။ ခန့်မှန်း လက်နက်ကြီးအလုံး ၃၀ ဝန်းကျင်ရှိတယ်။ အဲဒီထဲက လက်နက်ကြီးကျည်တချို့က ညောင်ပင်ရွာထဲကိုကျပြီး လူနေအိမ်တွေ မီးလောင်တဲ့ဖြစ်စဥ် ဖြစ်ခဲ့တာ” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ ယာယီအပစ်အခတ်ရပ်စဲရေး ကြေညာထားပေမဲ့လည်း အဆိုပါ ပျူစောထီးကျေးရွာကနေ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ ညစဥ်ညတိုင်းလိုလို လက်နက်ကြီးတွေနဲ့ ရမ်းသန်းပစ်ခတ်တာတွေ ပြုလုပ်နေတာ ဖြစ်တယ်လို့လည်း သူက ဆက်ပြောပါတယ်။
လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့လို့ ညောင်ပင်ကျေးရွာမှာ နေထိုင်တဲ့ အသက် ၂၀ ဝန်းကျင် အမျိုးသမီးတယောက် မစိုးရိမ်ရတဲ့ဒဏ်ရာတွေ ရရှိခဲ့ကြသလို အဆိုပါကျေးရွာက လူနေအိမ် ၂၀ နီးပါးလည်း မီးလောင်ပျက်စီးသွားခဲ့တယ်လို့ ဆိုပါတယ်။
ပခုက္ကူ လူထုတိုက်ပွဲကော်မတီ တာဝန်ခံ ကိုစိုးထွဋ်က “အောင်သာပျူရွာမှာ အထိုင်ချနေတဲ့ စစ်သားတွေ အဲဒီရွာက ပျူတွေက ပတ်ဝန်းကျင်ရွာတွေကို လက်နက်ကြီးတွေနဲ့ မကြာခဏ ပစ်လေ့ရှိတယ်။ အဲဒါကြောင့်လည်း အဲဒီ ညောင်ပင်ရွာက ပြည်သူတွေ ဘေးလွတ်တဲ့နေရာတွေကို ရွှေ့နေကြရတာ ကြာခဲ့ပြီ။ အခုလည်း သူတို့ရွာကအိမ်တွေ မီးလောင်ကုန်တော့ ပိုဆိုးကုန်ကြတာပေါ့ဗျာ” လို့ ပြောပါတယ်။
အောင်သာရွာနဲ့ ညောင်ပင်ရွာတို့ဟာ မြစ်ခြေအရှေ့ဘက်မှာ ရှိကြတာဖြစ်ပြီး အောင်သာပျူရွာနဲ့ ညောင်ပင်ရွာက ၂ မိုင်နီးပါးဝေးပြီး အိမ်ခြေကတော့ တရွာကို ၂၀၀ လောက်နဲ့ လူဦးရေ ၁,၀၀၀ လောက် နေထိုင်ကြပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလထဲကလည်း ပခုက္ကူအခြေစိုက် တပ်မ ၁၀၁ လက်အောက်ခံ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေဟာ မြစ်ခြေနယ်ထဲက ကျေးရွာတွေကို စစ်ကြောင်းထိုး ဝင်ရောက်ဖျက်ဆီးခဲ့ကြလို့ ဒေသခံပြည်သူ သောင်းချီပြီး နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ကြရပါတယ်။
စစ်ကောင်စီတပ်ဟာ ဧပြီ ၂ ရက်ကနေ ၂၂ ရက်အထိ အပစ်ရပ်ကြေညာထားပေမဲ့ လေကြောင်းတိုက်ခိုက်မှုတွေ၊ ကျေးရွာတွေကို စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးတာတွေနဲ့ လက်နက်ကြီးပစ်တာတွေ တောက်လျှောက် ပြုလုပ်နေတာဖြစ်လို့ ပြည်သူတွေအနေနဲ့ သတိဝီရိယနဲ့ နေထိုင်ကြဖို့ တော်လှန်ရေးတပ်ဖွဲ့က တိုက်တွန်းထားပါတယ်။