
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်း၊ ကုက္ကိုလ်ရွာမှာ စစ်ကောင်စီ လက်နက်ကြီးကြောင့် ဒေသခံ ၅ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဧပြီ ၆ ရက် ညနေပိုင်းက ကုက္ကိုလ်ရွာက ဒေသခံတွေဖြစ်ကြတဲ့ လူလတ်ပိုင်းအရွယ် ဦးကျော်စွာ၊ မအေးအေးသွယ်၊ မထွန်းနန္ဒာတို့ အပါအဝင် ဒေသခံ ၅ ယောက်ဟာ ဝမ်းဗိုက်နဲ့ ခြေထောက်တွေမှာ လက်နက်ကြီး ထိမှန်ခဲ့ကြတာပါ။
လက်ရှိမှာ လက်နက်ကြီး ထိမှန်ဒဏ်ရာ ရရှိသူတွေဟာ ဆေးကုသမှု ခံယူနေကြရပြီး အသက်အန္တရာယ် စိုးရိမ်စရာ မရှိပေမဲ့ ကုက္ကိုလ်ရွာက ဒေသခံတွေကတော့ ကျေးရွာကနေ တိမ်းရှောင်ခဲ့ကြရတယ်လို့ ကုက္ကိုလ်ရွာသူတယောက်က ပြောပါတယ်။
အဆိုပါ လက်နက်ကြီးတွေကို စစ်ကောင်စီက သူတို့လက်အောက်ခံ ကြံသာရွာနဲ့ ဟံသာဝတီရွာဘက်ကနေ ပစ်ခတ်ခဲ့တာဖြစ်ပြီး ဧပြီ ၆ ရက် ညနေပိုင်းမှာပဲ ကလေးမြို့ အမြောက်တပ်ကနေ စစ်ကောင်စီက မြို့နယ်တောင်ပိုင်းကို မစ်ဇိုင်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့သေးတယ်လို့ ဆိုပါတယ်။
လက်နက်ကြီးပစ်ခတ်မှုနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့ တစုံတရာ ထုတ်ပြန်လေ့ မရှိသလို စစ်ကောင်စီက ဘာတိုက်ပွဲမှမရှိဘဲ အရပ်သားတွေနေတဲ့ ကျေးရွာတွေကို အကြောင်းမဲ့ ပစ်ခတ်ခဲ့တာလို့ ပြောကြပါတယ်။
ငလျင်ဒဏ်ကြောင့် စစ်ကောင်စီက ဧပြီ ၂ ရက်ကစတင်ပြီး ၂၁ ရက်ကြာ ယာယီအပစ်ရပ်မယ်လို့ ပြောဆိုခဲ့ပေမဲ့ ကလေးမြို့နယ်မှာတော့ ဒေသခံတွေနေတဲ့ ကျေးရွာတွေကို လက်နက်ကြီးနဲ့ထုတာ၊ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေ ရှိနေပါတယ်။
ဇန်နဝါရီ ၂၉ ရက်ကလည်း ကလေးမြို့နယ်၊ ကုက္ကိုလ်ရွာ စစ်ဘေးရှောင်စခန်းကို စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ်တွေ အပါအဝင် စစ်ဘေးရှောင် ၁၁ ယောက် သေဆုံးခဲ့ပါသေးတယ်။
စစ်အာဏာသိမ်းချိန်ကစပြီး ၂၀၂၅ ခုနှစ် ဧပြီ ၄ ရက်အထိ စစ်ကောင်စီကြောင့် အရပ်သား ၆,၄၈၁ ယောက် သေဆုံးထားကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ စာရင်းပြုစုချက်အရ သိရပါတယ်။