Home
မြန်မာသတင်း
ငလျင်ကြောင့်ပျက်စီးသွားသည့် နေပြည်တော်ဝန်ထမ်းအိမ်ရာများ စွန့်ပစ်ခံထားရ 
DVB
·
April 10, 2025
Nay 1

မြန်မာနိုင်ငံမှာ အင်အားပြင်းငလျင်လှုပ်ခတ်ပြီးကတည်းက စစ်ကောင်စီရုံးစိုက်ရာ မြို့တော် နေပြည်တော်ရှိ  ထိခိုက်ပျက်စီးသွားတဲ့ အစိုးရဝန်ထမ်းအိမ်ရာ အဆောက်အအုံတွေကို   စွန့်ပစ်ခံထားရတာ သီတင်း   ၂ ပတ်နီးပါး ကြာမြင့်ပြီ ဖြစ်ပါတယ်။

ရိုက်တာက ဖော်ပြတဲ့ ဗွီဒီယို မှတ်တမ်းတွေမှာ နေပြည်တော်မှာ ယာဉ်အသွား အလာနည်းပါးသလို ဝန်ထမ်းအိမ်ယာ အဆောက်အဦးတွေလည်း ပျက်စီးနေတာတွေ့ရသလို ဝန်ထမ်းအိမ်ရာဘေးမှာ တဲတွေထိုးပြီး အဲ့ဒီတဲတွေမှာ ကုလသမဂ္ဂ ဒုက္ခသည်အမှတ်တံဆိပ်ကို (UN Refugee) တွေ့မြင်ရပါတယ်။

ရိုက်တာသတင်းဌာနအနေနဲ့ ဘယ်အဖွဲ့အစည်းက နေပြည်တော် ဝန်ထမ်းအိမ်ရာတွေကို ကူညီမှုပေးနေလဲဆိုတာ အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။ 

မတ် ၂၈ ရက်က စစ်ကိုင်းကိုဗဟိုပြုလှုပ်ခတ်ခဲ့တဲ့ အင်အား ရစ်ချ်တာစကေး ၇ ဒသမ ၇ ရှိ ငလျင်ဟာ မြန်မာနိုင်ငံမှာ နှစ်ပေါင်း ၁၀၀ အတွင်း အားအပြင်းဆုံး ငလျင်ဖြစ်ပြီး အထပ်မြင့်အဆောက်အုံတွေ ပြိုကျခဲ့ပြီး စစ်ကိုင်း၊ မန္တလေးနဲ့ နေပြည်တော်တို့မှာ ငလျင်ဒဏ်ကို အပြင်ထန်ဆုံးခံစားခဲ့ရပါတယ်။

ငလျင်ဒဏ်ကြောင့် ဒေသခံတွေ ဒုက္ခရောက်နေချိန်မှာ စစ်ကောင်စီက အင်တာနက်လိုင်းတွေ ဖြတ်တောက်ထားမှုကလည်း အကူအညီပေးရေးလုပ်ငန်းတွေကို ထိခိုက်စေပါတယ်။

ဒီလို အင်တာနက်အသုံးပြုမှုကို လိုင်းဖြတ်တောက်တာ ပိတ်ပင်တာတွေနဲ့ပတ်သက်ပြီး Justice For Myanmarအဖွဲ့က မရတနာမောင်က “ဒစ်ဂျစ်တယ်အာဏာရှင်စနစ်” ဆိုပြီး ဝေဖန်ခဲ့ပါတယ်။

မရတနာမောင်က“အင်တာနက်ဖြတ်တောက်တာတွေ၊ ပိတ်ပင်တာတွေမလုပ်ဖို့ ဆက်သွယ်ရေး အော်ပရေတာတွေက စစ်တပ်ကို ဖိအားပေးရမှာပါ။ ဒီလိုပိတ်ထားတာက အကူအညီ တုံ့ပြန်ဆောင်ရွက်ဖို့ ခက်ခဲပါတယ်” လို့ ပြောပါတယ်။ 

စစ်ကိုင်းမြို့ အနောက်မြောက်မှာနေထိုင်သူ တယောက်ကလည်း ငလျင်လှုပ်ပြီး ကယ်ဆယ်ရေးတွေ မရောက်မီ အင်တာနက် အဆက်အသွယ်တွေ ပြတ်တောက်ခဲ့ကြောင်း ပြောပါတယ်။

အာဏာသိမ်း စစ်ကောင်စီဟာ ငလျင်ဘေးနဲ့ မကြုံတွေ့ရချိန်ကတည်းက  မြန်မာနိုင်ငံသားပြည်သူတွေကို  သတင်းအမှောင်ချဖို့ အင်တာနက်လိုင်းတွေ၊ ဖုန်းလိုင်းတွေ ဖြတ်တောက်ထားတာ ဖြစ်ပြီး ငလျင်လှုပ်အပြီးမှာလည်း ဆက်သွယ်ရေး ပစ္စည်းတွေ ပျက်စီးမှုနဲ့ အတူ ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေ ပိုမို ပြတ်တောက်ကုန်တာဖြစ်ပါတယ်။ 

မြန်မာနိုင်ငံမှာ မတ် ၂၈ ရက်က စစ်ကိုင်းမြို့အနီးကို ဗဟိုပြုပြီး လှုပ်ခတ်ခဲ့တဲ့ ရစ်ချ်တာစကေး ၇ ဒသမ ၇ ရှိတဲ့ အင်အားပြင်းငလျင်ကြောင့် သေဆုံးသူ စုစုပေါင်း  ၄,၃၄၆  ယောက်၊   ဒဏ်ရာရသူ ၇,၈၃၀ ယောက်၊ ပျောက်ဆုံးနေသူ ၂၁၀ ယောက်နဲ့ ကယ်ဆယ်ရရှိသူ ၆၅၃ ယောက်ရှိပြီလို့  ဧပြီ ၉ ရက် ညနေ ၅ နာရီ အထိ  DVB က ကောက်ယူရရှိတဲ့ စာရင်းတွေအရ သိရပါတယ်။

ဒီအရေအတွက်ဟာ DVB မှ လက်လှမ်းမီသလောက်ရရှိထားတဲ့ ကိန်းဂဏန်းတွေသာဖြစ်ပြီး မြေပြင်မှာ ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေဆဲ အခြေအနေ ဖြစ်တာကြောင့် သေဆုံးသူဦးရေ ထပ်တိုးနိုင်ပါတယ်။

Source: Reuters

Photo: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013