
ငလျင်ကယ်ဆယ်ရေးအတွက် မြန်မာပြည်ကို ရောက်နေတဲ့ အမေရိကန်ဝန်ထမ်း သုံးဦးကို ဒေါ်နယ်ထရမ့်ပ်က အလုပ်ဖြုတ်လိုက်ပါတယ်။ ဒီဝန်ထမ်းသုံးဦးဟာ မြန်မာနိုင်ငံမှာ လှုပ်ခတ်သွားတဲ့ ငလျင်ကြောင့် ပျက်စီးဆုံးရှုံးမှုပမာဏနဲ့ အခြေအနေကို လေ့လာအကဲခတ်ဖို့ ရောက်နေကြတာပါ။ မန္တလေးမြို့က လမ်းမပေါ်မှာ ညအိပ်ပြီး ငလျင်ပျက်စီးမှုကို လေ့လာအစီရင်ခံဖို့ လုပ်နေတုန်းမှာပဲ ထရမ့်ပ်ရဲ့ အလုပ်ထုတ်စာ ထွက်ပေါ်လာတာပါ။ သူတို့သုံးဦး အလုပ်ဖြုတ်ခံလိုက်ရပြီဆိုတဲ့ အကြောင်း USAID ဝန်ထမ်းအကြီးအကဲဟောင်း မာစီယာ ဝေါင်းက အတည်ပြုပါတယ်။
ဒီအဖြစ်အပျက်ဟာ ဒီနေ့ ကမ္ဘာ့ဒီမိုကရေစီ အရင့်ကျက်ဆုံးလို့ဆိုတဲ့ နိုင်ငံတခုရဲ့ လုပ်ရပ်ဖြစ်သလို သဘာဝဘေးဒဏ်ခံ ဒေသတခုအတွက် (လူသားချင်းစာနာမှုကင်းတဲ့) ဝမ်းနည်းဖွယ် အဖြစ်အပျက်လည်း ဖြစ်တယ်။ အမေရိကန်ဟာ ဒေါ်နယ်ထရမ့်ပ် တက်လာချိန်ကစလို့ နိုင်ငံတကာ အကူအညီ အားလုံးကို ဖြတ်တောက်ခဲ့ရာမှာ ခုလို သဘာဝဘေးဒဏ် အကူအညီလည်း ပါဝင်တယ်။
ဒီမတိုင်မီ တရက်က နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီအို ကလည်း ကမ္ဘာကြီးမှာ ပေါ်ပေါက်လာတဲ့ သဘာဝဘေးဒုက္ခတွေကို ကယ်တင်ဖို့ အမေရိကန်တနိုင်ငံတည်း ရှိတာမဟုတ်ဘူး။ အမေရိကန်ဟာ ကူညီကယ်ဆယ်ရေးကိစ္စတွေကို ဆက်ပြီး ဦးမဆောင်တော့ဘူး။ အမေရိကန်ဟာ ကမ္ဘာကြီးရဲ့ အစိုးရလည်း မဟုတ်ဘူး။ တာဝန်လည်း မယူနိုင်ဘူးလို့ မြန်မာငလျင်နဲ့ ပတ်သက်ပြီး ပြောသွားခဲ့တယ်။ တဆက်တည်းမှာ မြန်မာစစ်အစိုးရနဲ့ အလုပ်လုပ်ရတာ ခက်ခဲပြီး စစ်အစိုးရကလည်း သူတို့ကို မကြိုက်ဘူးလို့ ပြောသွားခဲ့တယ်။
မြန်မာငလျင်ဘေးမှာ ရုရှား၊ တရုတ်၊ အိန္ဒိယတို့က ရှေ့ဆုံးကနေ တက်တက်ကြွကြွ ဝင်ကူနေကြပေမဲ့ အမေရိကန်က ဘာသိဘာသာ နောက်ဆုတ်နေတာ တွေ့ရတယ်။ ကနဦးက ဒေါ်လာ ၂ သန်း ကူမယ်လို့ ကတိပေးထားပြီး နောက်တော့ ၇ သန်း ထပ်ပေးမယ်လို့ ပြောတဲ့အတွက် ကူငွေ ဒေါ်လာ ၉ သန်းတော့ ရမှာပါ။ မြန်မာငလျင်ဘေးဒုက္ခကို ထရမ့်ပ်အစိုးရက သိပ်ဂရုတစိုက် မရှိပါဘူး။ အရေးကြီးတဲ့ကိစ္စလို့လည်း ယူဆဟန်မရှိဘူး။ မတ်လ ၂၈ ရက်၊ စစ်ကိုင်းနဲ့ မန္တလေးမှာ ငလျင်အကြီးအကျယ်လှုပ်ပြီး နောက်တနေ့ အိမ်ဖြူတော် သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက် တယောက်က မြန်မာမှာ ငလျင်ကြီးလှုပ်သွားတာ သိပါသလားလို့ မေးတဲ့အခါ “သိပါတယ်၊ သက်ဆိုင်တဲ့ပုဂ္ဂိုလ်တွေနဲ့ စကားပြောပြီးပါပြီ” လို့ ထရမ့်ပ်က ဝတ်ကျေတန်းကျေ ဖြေသွားခဲ့တယ်။
ကမ္ဘာမှာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို အလေးအနက်အထားဆုံး၊ လူသားချင်း စာနာထောက်ထားမှု အရှိဆုံး၊ လူမျိုး၊ အသားအရောင်၊ ကျား မ ခွဲခြားမှုအကင်းဆုံး၊ လူမှုဖူလုံမှု အပြည့်ဝဆုံး နိုင်ငံတနိုင်ငံဟာ ကမ္ဘာကြီးရဲ့ တနေရာက ဘေးဒုက္ခတွေကို မသိကျိုးကျွံပြု လျစ်လျူရှုတဲ့ နိုင်ငံတခုအဖြစ် ပြောင်းလဲသွားတယ်။ လူသားချင်းစာနာထောက်ထားမှု၊ လူ့အခွင့်အရေးကို ပစ်ပယ်တဲ့နိုင်ငံ ဖြစ်သွားခဲ့တယ်။
ပြီးခဲ့တဲ့ စနေနေ့ကတော့ အမေရိကန်နိုင်ငံတဝန်းလုံး ပြည်နယ် ၅၀ က မြို့ကြီးတွေမှာ ကြီးမားတဲ့ လူထုဆန္ဒပြပွဲတွေ ဖြစ်ပေါ်ခဲ့တယ်။ Handoff လို့ ခေါ်တဲ့ ထရမ့်ပ် ဆန့်ကျင်ရေး လူထုအုံကြွမှုလှိုင်းဟာ နယူးယောက်၊ ဝါရှင်တန်၊ ချီကာဂို၊ ဘော်စတွန်၊ ဆန်ဖရန်ဆစ္စကို၊ ဆန်ဒီဂို၊ အော့ခ်လန်၊ အီဒါဟို စတဲ့မြို့ကြီးတွေက လမ်းမပေါ်မှာ ရိုက်ခတ်သွားပြီး သိန်းသောင်းချီတဲ့ ပြည်သူတွေ ပါဝင်ခဲ့ကြတယ်။ ထရမ့်ပ်ရဲ့ လုပ်ရပ်တွေကို မခံနိုင်တော့တဲ့ အမေရိကန် ပြည်သူတွေရဲ့ ဆန္ဒထုတ်ဖော်ပွဲပါပဲ။
ဒီမတိုင်ခင် တရက်က ထရမ့်ပ်အစိုးရဟာ ကမ္ဘာအရပ်ရပ်က နိုင်ငံတွေကို ကုန်သွယ်ခွန် တိုးမြှင့်ကောက်ခံကြောင်း လူသိရှင်ကြား ထုတ်ဖော်ကြေညာခဲ့တယ်။ ဥရောပ၊ တရုတ်၊ အိန္ဒိယ၊ ဗီယက်နမ်၊ ဂျပန်၊ ကနေဒါ၊ မက္ကဆီကို နိုင်ငံကြီးငယ်တခုမကျန် သွင်းကုန်ခွန် တိုးကောက်မယ်လို့ ကြေညာခဲ့တယ်။ ဒါက ထရမ့်ပ်အစိုးရရဲ့ မူလအကြံအစည်ပါပဲ။ အမေရိကန်ပထမ လို့ ကြွေးကြော်ပြီးနောက်ပိုင်း အမြဲတမ်းလိုလို ကမ္ဘာ့နိုင်ငံတွေကို ထရမ့်ပ် ခြိမ်းခြောက်နေခဲ့တာ သွင်းကုန်ခွန် (Tariff) တိုးမြှင့်ကောက်ခံရေးပါ။ ဒီအစီအစဉ်က တဖက်သတ်ချည်း လုပ်နိုင်တာမျိုးတော့ မဟုတ်ဘူး။ သွင်းကုန်ခွန် မတန်တဆ တိုးကောက်ခံရတဲ့ တိုင်းပြည်ကလည်း တန်ပြန်သွင်းကုန်ခွန် တိုးကောက်ပြီး တုံ့ပြန်ကြတာပဲ။ ထရမ့်ပ်ရဲ့ Tariff အကျိုးဆက်ကြောင့် တကမ္ဘာလုံးက စတော့ဈေးကွက်ရှယ်ယာတွေ ထိုးကျသွားတယ်။ အမေရိကားမှာ ကုန်ဈေးနှုန်းတွေ တက်လာတယ်။ ဂျီဒီပီ ကျဆင်း၊ အလုပ်လက်လက်မဲ့ တိုးပွား၊ အထွေထွေစီးပွားရေး ကျဆင်းမှု (Recession) တွေအထိ ဖြစ်လာတော့မယ့် အရိပ်အယောင်တွေ ဖြစ်လာတယ်။
အမေရိကန်ပြည်သူတွေ၊ အတိုက်အခံတွေ မခံနိုင်တော့ဘူး။ ထရမ့်ပ် လုပ်ရပ်တွေ မှားယွင်းကြောင်း ပြောင်ကျကျ ဝေဖန်လာကြတယ်။ လမ်းပေါ်ထွက် ဆန္ဒဖော်ထုတ်လာကြတယ်။ စနေနေ့က အမေရိကန် မြို့ကြီးအများအပြားရဲ့ လမ်းမပေါ်က Handoff ဆန္ဒပြပွဲဟာ ထရမ့်ပ်ကို လက်လွှတ်ခိုင်းတာ ဖြစ်တယ်။ နောက်ဆုတ်ခိုင်းတာ ဖြစ်တယ်။
စိတ်ထင်ရာ ခေါင်းမာမာလုပ်တတ်တဲ့ ထရမ့်ပ်ကတော့ ခုလို သွင်းကုန်ခွန် (Tariff) တိုးကောက်တဲ့အတွက် ခဏတော့ အခက်အခဲတွေ့မယ်။ ဒါပေမဲ့ ရေရှည်မှာ ကောင်းသွားမယ်လို့ ဆိုတယ်။
နေမကောင်းရင် ဆေးသောက်ရသလို အခု ဆေးသောက်ရတာပါလို့ ဆိုတယ်။ အမေရိကန်ပြည်သူတွေက သူ့ကို ဆန္ဒပြနေချိန်မှာ ထရမ့်ပ်က ဖလော်ရီဒါ သွားပြီး အေးအေးဆေးဆေး ဂေါက်သီးရိုက်နေခဲ့တယ်။
ခုဆိုရင် ထရမ့်ပ်ကြောင့် ကမ္ဘာ့နိုင်ငံကြီးငယ်အားလုံး စိတ်ညစ်နေကြရပြီ။ စင်ကာပူလို နိုင်ငံသေးသေးလေးကအစ ထရမ့်ပ်ရဲ့ Tariff ကြောင့် ဖြစ်လာမယ့် အကျိုးဆက်ကို စိုးရိမ်နေရပြီ။ တရုတ်ကတော့ အမေရိကန်က တိုးကောက်မယ့် သွင်းကုန်ခွန်ကို လက်တုံ့ပြန်တဲ့အနေနဲ့ အမေရိကန် ကုန်စည်တွေကို ၃၄ ရာခိုင်နှုန်း အခွန်တိုးကောက်မယ် ဆိုတယ်။ အခွန်တိုးကောက်လို့ ဖြစ်ပေါ်လာမယ့် တန်ပြန်ရိုက်ခတ်မှုတွေအတွက် အမေရိကန်ပြည်သူတွေ ပွက်လောရိုက်နေတယ်။
“ဆေးသောက်တာပါ၊ ပြီးရင် ရောဂါပျောက်သွားပါလိမ့်မယ်” လို့ ထရမ့်ပ်က ဆိုတယ်။ ထရမ့်ပ်ရဲ့ “အမေရိကန် ပထမ” မူဝါဒဟာ အမေရိကန်ကို ကမ္ဘာ့စင်မြင့်ပေါ်က ဖယ်ရှားလိုက်ပြီဆိုတာ ထရမ့်ပ်နဲ့ အီလွန်မတ်စ်ခ်တို့ သိရှိဟန်မတူဘူး။
တချိန်က ကမ္ဘာက လေးစားခဲ့တဲ့ ဒီမိုကရေစီတန်ဖိုး၊ လူ့အခွင့်အရေးတန်ဖိုး၊ တရားမျှတမှု၊ တန်းတူညီမျှမှုတန်ဖိုး၊ ခွဲခြားမှုကင်းမဲ့တဲ့တန်ဖိုး အားလုံး ထရမ့်ပ် အုပ်ချုပ်မှုအောက်မှာ ပျောက်ဆုံးသွားပြီ ဖြစ်သလို သဘာဝဘေးကြောင့် အတိဒုက္ခရောက်သူတွေအပေါ်တောင် ကြင်နာ သနားညှာတာစိတ်တွေလည်း ပျောက်ဆုံးသွားပြီလို့ ဆိုရမယ်။ တကယ်တော့ ဒါဟာ ကမ္ဘာကြီးက (တခါက) ငေးကြည့်ခဲ့ရတဲ့ အမေရိကန်တန်ဖိုးအစစ်တော့ မဟုတ်ပါဘူး…။
Ref: Trump Administration Fires US aid workers in Quake Zone in Myanmar.