
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ သံမဏိနဲ့ အလူမီနီယမ်အပေါ် အခွန်ကောက်ခံမှုကို တုံ့ပြန်တဲ့အနေနဲ့ ဥရောပကော်မရှင်ကလည်း အမေရိကန်ကုန်ပစ္စည်း အမြောက်အမြားအပေါ် အခွန် ၂၅ ရာခိုင်နှုန်း တိုးကောက်ဖို့ ဧပြီ ၇ ရက်က အဆိုပြုခဲ့ကြောင်း ရိုက်တာက မြင်တွေ့ရတဲ့ စာရွက်စာတမ်းတခုအရ သိရပါတယ်။
ကုန်ပစ္စည်းတချို့အပေါ် စည်းကြပ်ခွန်ဟာ မေ ၁၆ ရက်မှ စတင်အသက်ဝင်မှာဖြစ်ပြီး တချို့ကုန်ပစ္စည်းတွေကတော့ အခုနှစ်နှောင်းပိုင်း ဒီဇင်ဘာ ၁ ရက်မှာ အကျုံးဝင်မှာဖြစ်ကြောင်း အဲဒီစာရွက်စာတမ်းမှာ ဖော်ပြထားပါတယ်။
ကုန်ပစ္စည်းတွေ အမျိုးအစား ကျယ်ပြန့်ပြီး စိန်တွေ၊ ဥတွေ၊ သွားကြားထိုးကြိုးတွေ၊ ဝက်အူချောင်းတွေနဲ့ ကြက်ငှက်တွေ ပါဝင်ပါတယ်။
အယ်လ်မွန်စေ့နဲ့ ပဲပိစပ်တွေအပေါ် တန်ပြန်အခွန်စည်းကြပ်မှုတွေက ဒီဇင်ဘာ ၁ ရက်မှာ စတင်အသက်ဝင်မှာ ဖြစ်ပါတယ်။
EU အဖွဲ့ဝင်နိုင်ငံတွေဟာ အဲဒီအဆိုပြုချက်ကို ဧပြီ ၉ ရက်မှာ မဲခွဲဆုံးဖြတ်မှာ ဖြစ်ပါတယ်။ တန်ပြန်အကောက်ခွန်ဟာ အရင်က ကြေညာထားတဲ့ ယူရို ၂၆ ဘီလီယံ (ဒေါ်လာ ၂၈ ဒသမ ၄၅ ဘီလီယံ) ထက် သက်ရောက်မှု နည်းပါးမှာဖြစ်တယ်လို့ EU ကုန်သွယ်ရေးအကြီးအကဲ မာရော့ရှ် ရှက်ဖ်ချိုဝစ်ချ်က တနင်္လာနေ့ အစောပိုင်းမှာ ပြောကြားခဲ့ပါတယ်။
ဘားဘန် အမေရိကန်ဝီစကီ၊ ဝိုင်နဲ့ နို့ထွက်ပစ္စည်းတွေကို မတ်လတုန်းက ကော်မရှင်က ချိန်တွယ်ခဲ့တဲ့ မူလစာရင်းကနေ ဖယ်ရှားခဲ့ပါတယ်။
ကော်မရှင်က ဘားဘန် အကောက်ခွန်ကို ၅၀ ရာခိုင်နှုန်း လျာထားခဲ့ပြီး ဒါဟာ အစုအဖွဲ့က ရှေ့ဆက်လုပ်ဆောင်ခဲ့ရင် EU အရက်ယမကာတွေအပေါ် ၂၀၀ ရာခိုင်နှုန်း တန်ပြန်အခွန်စည်းကြပ်မယ်လို့ ခြိမ်းခြောက်ထားတဲ့ ထရမ့်ပ်ကို အကြောင်းပြန်လိုက်တာလည်း ဖြစ်ပါတယ်။
အထူးသဖြင့် ပြင်သစ်နဲ့ အီတလီတို့ဟာ သူတို့ရဲ့ အရေးပါတဲ့ ဝိုင်လုပ်ငန်းကြောင့် ထရမ့်ပ်ရဲ့ ခြိမ်းခြောက်မှုကို စိုးရိမ်နေကြပါတယ်။
အဲဒီတန်ပြန်အကောက်ခွန်တွေအပြင် EU ဟာ သံမဏိသွင်းကုန်တွေကို ၁၅ ရာခိုင်နှုန်း လျှော့ချဖို့ ဧပြီ ၁ ရက်မှာ လက်ရှိ အကာအကွယ်တွေကို တင်းကျပ်ထားပြီး ဖြစ်ပါတယ်။
ကော်မရှင်ဟာ အလူမီနီယံသွင်းကုန် ခွဲတမ်းတွေကိုလည်း စစ်ဆေးနေပါတယ်။
Source : Reuters