
အာဆင်နယ်ကွင်းလယ်လူ ဒက်ကလန်ရိုက်စ်ဟာ ကမ္ဘာ့အကောင်းဆုံးကွင်းလယ်လူတယောက် ဖြစ်ကြောင်း အင်္ဂလန်တိုက်စစ်မှူးဟောင်းတွေဖြစ်တဲ့ ဝိန်းရွန်နီနဲ့ စတာရစ်ချ်တို့က ချီးကျူးသွားပါတယ်။
ရိုက်စ်ဟာ ရီးရဲလ်မက်ဒရစ်ကို ၃ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမအကျော့ပွဲစဉ်မှာ အလွတ်တည်ကန်ဘောကနေ ၂ ဂိုး သွင်းယူနိုင်ခဲ့ပြီး အကောင်းဆုံးခြေစွမ်း ပြသနိုင်ခဲ့တာပါ။
ရိုက်စ်ဟာ ပွဲအပေါ်မှာ လွှမ်းမိုးကစားနိုင်ခဲ့ပြီး ပြီးပြည့်စုံတဲ့ကစားပုံ ပြသနိုင်ခဲ့သလို အင်္ဂလန် အသင်းမှာလည်း ပုံစံကောင်း ပြသနိုင်ခဲ့တဲ့ ရိုက်စ်ဟာ ကမ္ဘာ့အကောင်းဆုံး ကွင်းလယ်လူတယောက်အဖြစ် ပြောနိုင်ပြီဖြစ်ကြောင်း အင်္ဂလန်နဲ့ လီဗာပူးတိုက်စစ်မှူးဟောင်း စတာရစ်ချ်က ပြောပါတယ်။
ဝိန်းရွန်နီကလည်း စတာရစ်ချ်ရဲ့ ချီးကျူးစကားအပေါ် ထောက်ခံခဲ့ပြီး ကွင်းလယ် ခံစစ်ကစားသမားကနေ ကွင်းလယ်တိုက်စစ်မှူးအဖြစ် ကစားရတာက ထင်သလောက် မလွယ်ကူကြောင်း၊ ရိုက်စ်ရဲ့ အကောင်းဆုံးခြေစွမ်းတွေကို ဆက်လက်မြင်တွေ့ရဦးမှာဖြစ်ကြောင်း ချီးကျူးသွားပါတယ်။