
ပြည်တွင်းအခေါက်ရွှေဈေးနှုန်းဟာ သီတင်းပတ် တပတ်အတွင်းမှာပဲ တကျပ်သားကို ငွေကျပ် ၂ သိန်းခွဲဝန်းကျင်အထိ ပြန်ကျဆင်းသွားတယ်လို့ ရွှေဈေးကွက်အတွင်းက သိရပါတယ်။
ဧပြီ ၂ ရက်မှာ အခေါက်ရွှေ တကျပ်သားကို ငွေကျပ် သိန်း ၇၀ နဲ့ ၆ သောင်းဝန်းကျင် ရှိခဲ့ပြီး ဧပြီ ၈ ရက် ဒီနေ့မှာ ငွေကျပ် ၆၈ သိန်းဝန်းကျင်အထိ ပြန်ကျဆင်းလာတာပါ။
ပြည်တွင်းမှာ ဒေါ်လာဈေး ပြန်အေးနေသလို ကမ္ဘာ့ရွှေဈေးလည်း ပြန်ကျဆင်းလာတာကြောင့်လို့ ရွှေလုပ်ငန်း လုပ်ကိုင်သူတယောက်က ပြောပါတယ်။
“ဒီရက်ပိုင်းထဲ ကမ္ဘာ့ရွှေဈေး ပြန်ကျလာတယ်လေ။ အဲဒါကြောင့် ပြည်တွင်းရွှေဈေးလည်း ပြန်ကျလာတာပေါ့။ ဒေါ်လာဈေးကလည်း အေးနေပါတယ်။”
ကမ္ဘာ့ရွှေဈေးဟာ ဧပြီ ၃ ရက်မှာ တအောင်စကို အမေရိကန်ဒေါ်လာ ၃,၁၅၁ အထိ ရောက်ရှိခဲ့ပြီး ဧပြီ ၈ ရက် ဒီနေ့မှာတော့ အမေရိကန်ဒေါ်လာ ၂,၉၉၇ အထိ ပြန်ကျဆင်းလာတာပါ။
မြန်မာကျပ်ငွေနဲ့ ဒေါ်လာ ငွေလဲနှုန်းကလည်း ဧပြီ ၁ ရက်အထိ တဒေါ်လာကို ၄,၄၅၀ ကျပ် ရှိခဲ့ပြီး ဒီနေ့မှာ တဒေါ်လာ ၄,၄၂၀ ကျပ်ကို ပြန်ကျဆင်းနေပါတယ်။
ဒါပေမဲ့ ရန်ကုန်ရွှေလုပ်ငန်းရှင်များအသင်းက ထုတ်ပြန်တဲ့ ရည်ညွှန်းဈေးကတော့ ၅,၆၁၀,၀၀၀ ကျပ်နဲ့ သီတင်းနှစ်ပတ်အတွင်း မပြောင်းလဲဘဲ ငြိမ်နေဆဲ ဖြစ်ပါတယ်။