Home
မြန်မာသတင်း
လားရှိုး တိုက်ပွဲကြောင့် နေအိမ်ပျက်စီးခဲ့သူများကို MNDAA က ကျပ်သိန်း ၅၀ စီ ထောက်ပံ့
DVB
·
April 8, 2025

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမှာ တိုက်ပွဲကြောင့် နေအိမ် ၇၅ ရာခိုင်နှုန်း ပျက်စီးဆုံးရှုံးခဲ့တဲ့ ဒေသခံပြည်သူတွေကို ကိုးကန့်တပ် MNDAA က ဧပြီ ၇ ရက်မှာ ကျပ်သိန်း ၅၀ စီ ထောက်ပံ့‌ကြေး ပေးအပ်ကြောင်း MNDAA နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

ဒေသခံတယောက်က “အိမ်ပျက်စီးသွားတဲ့သူတွေကို သိန်း ၅၀ ပေးတယ်ဆိုတာ သိရသလောက်တော့ ၇၅ ရာခိုင်နှုန်းအထက် ပျက်စီးရင် ပေးတာဗျ။ အဓိကကတော့ တိုက်ပွဲအတွင်းပါ” လို့ ပြောပါတယ်။

စာရင်းတင်ထားပြီး စာရင်းလည်းပါပြီး အဝေးရောက်နေတဲ့သူတွေက ဧပြီ ၇ ရက်ကစပြီး ၁၀ ရက်အတွင်း ရပ်ကွက်ရုံးတွေမှာ သွားယူလို့ရတယ်လို့ ဆိုပါတယ်။

MNDAA နဲ့ နီးစပ်သူတယောက်က “နေအိမ်တွေမှာ လိုက်ပေးတာမျိုး မဟုတ်ဘူး။ အခုက ဧပြီလ ၇ ရက်နေ့ တရက်တည်း အကုန်လုံးကိုပေးတာ။ အားလုံး ၃၀၉ အိမ်။ အိမ်ရှင်မရှိတဲ့သူတွေက ၁၀ ရက်အတွင်း ရပ်ကွက်ရုံးမှာ သွားယူလို့ရတယ်” လို့ ပြောပါတယ်။

လားရှိုးမြို့သိမ်းတိုက်ပွဲ ကာလအတွင်း နေအိမ်ပျက်စီးသွားတဲ့ ပြည်သူတွေကို ထောက်ပံ့ငွေ ပေးအပ်တဲ့ အခမ်းအနားကို ဧပြီ ၇ ရက်က ပြုလုပ်ခဲ့တာလို့ ဆိုပါတယ်။

လားရှိုး မြို့သိမ်းတိုက်ပွဲအတွင်း ပျက်စီးသွားခဲ့တဲ့ နေအိမ်တွေအတွက် တအိမ်ထောင်ကို ကျပ် သိန်း ၅၀ နှုန်းနဲ့ အလုံးစုံပျက်စီးသွားတဲ့ နေအိမ် စုစုပေါင်း ၃၀၉ အိမ်အတွက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း လားရှိုး ပြန်လည်ထူထောင်ရေး ဖေ့စ်ဘွတ်ခ်စာမျက်နှာကလည်း သတင်းထုတ်ထားပါတယ်။

တခြား ပျက်စီးသွားတဲ့နေအိမ်တွေ များစွာရှိပေမဲ့ အလုံးစုံပျက်စီးသွားတဲ့ နေအိမ်တွေကိုသာ ထောက်ပံ့ကြေး ပေးအပ်ကြောင်း၊ နေအိမ် မူလပိုင်ရှင်တွေကိုသာ တအိမ်ထောင်ကို သိန်း ၅၀ စီ ထောက်ပံ့ကြောင်း၊ ထောက်ပံ့ကြေးပေးမယ့် စာရင်းမှာ ပါဝင်နေပြီး အဝေးရောက်နေပါက သက်ဆိုင်ရာ အုပ်ချုပ်ရေးရုံးတွေမှာ အုပ်ချုပ်ရေးမှူး၊ နယ်မြေမှူးတွေရဲ့ ထောက်ခံချက်နဲ့ သွားရောက်ထုတ်ယူနိုင်ကြောင်း၊ အခုပေးအပ်တဲ့ ငွေ ကျပ် သိန်း ၅၀ က ပမာဏ မများပေမဲ့ အိမ်ထောင်စုတစုအတွက် ယာယီလုံလောက်နိုင်မှာ ဖြစ်ကြောင်းလည်း ဖော်ပြထားပါတယ်။

Pra Jaw

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013