
ရှမ်းပြည်နယ်မြောက်ပိုင်းရဲ့ မြို့တော် လားရှိုးမြို့ကနေ ဆုတ်ခွာရတော့မယ့် MNDAA ကိုးကန့်တပ်ရဲ့ အုပ်ချုပ်ရေးအောက်မှာ ဝင်ရောက် တာဝန်ထမ်းဆောင်ခဲ့တဲ့သူ အများစုဟာ ကိုးကန့် ဆုတ်ခွာရမယ့်နောက်ကို ပြန်မလိုက်ကြတော့ဘူးလို့ သိရပါတယ်။
တရုတ်နိုင်ငံရဲ့ ကြားဝင်ညှိုနှိုင်းမှုကြောင့် လားရှိုးကနေ MNDAA ကိုးကန့်တပ်တွေဟာ ဧပြီ ၂၂ နောက်ဆုံးထားပြီး ဆုတ်ခွာပေးရတော့မှာပါ။
အဲ့ဒီလို ဆုတ်ခွာသွားရမယ့် ကိုးကန့်တပ်ရဲ့ နောက်ကို သူအုပ်ချုပ်စဉ်က ဝင်ရောက် တာဝန်ထမ်းဆောင်ခဲ့ကြတဲ့သူ အများစုက မလိုက်တော့ဖို့ ဆုံးဖြတ်ကာ တခြားတော်လှန်ရေး အင်အားစုနယ်မြေတွေဘက်ကို သွားကြမယ့်သူက ပိုများနေတယ်လို့ ကိုးကန့်တပ်အောက် တာဝန်ထမ်းဆောင်ခဲ့သူတယောက်က ပြောပါတယ်။
ကိုးကန့်တပ်တွေဟာ လားရှိုးမြို့ပေါ် ရပ်ကွက်ကြီး (၁၂) ရပ်ကွက်ကနေ ဆုတ်ခွာရမှာဖြစ်ပြီး မြို့နဲ့ ၃ မိုင်အကွာမှာ ဆက်လက် တပ်စွဲထားမှာဖြစ်ပါတယ်။
လားရှိုးမြို့ကို တရုတ်နိုင်ငံက ကောက်စစ်ဝန်ရုံး ကြားခံထားရှိပြီး ကိုးကန့်နဲ့ စကစ အုပ်ချုပ်ရေးက ညှိုနှိုင်းအုပ်ချုပ်မှာဖြစ်ကာ စကစတပ်ဖွဲ့တွေ ၁ ရပ်ကွက်ကို ၂၅ ယောက်နှုန်းနဲ့ ထားရှိမယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။
တော်လှန်ရေး ရဲဘော်တွေရဲ့ ရာနဲ့ချီတဲ့ အသက်တွေကို ပေးဆပ်ပြီး တိုက်ယူခဲ့ရတဲ့ နယ်မြေကို အခုလို ပြန်ပေးလိုက်တာကြောင့် MNDAA ကိုးကန့်တပ်အပေါ် အယုံအကြည်မရှိတော့လို့ တာဝန်ကနေ နုတ်ထွက်တဲ့တော့မယ်လို့ ကိုးကန့်တပ်အောက်တွင် တာဝန်ထမ်းဆောင်ခဲ့တဲ့ လားရှိုး မြို့ခံက ပြောပါတယ်။
လားရှိုးမြို့ကို စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးယန္တရား ပြန်ဝင်လာတော့မှာဖြစ်တာကြောင့် စစ်အာဏာရှင်ကို အကြမ်းမဖက်အာဏာဖီဆန်ခဲ့ကြတဲ့ CDM ဝန်ထမ်းတွေ၊ ဒီမိုကရေစီ လိုလားသူတွေနဲ့ နိုင်ငံရေးအကျဉ်းသားတွေလည်း ဖမ်းဆီးခံရမှာစိုးရိမ်တာကြောင့် တခြားမြို့ရွာတွေကို တိမ်းရှောင်သွားဖို့ ပြင်ဆင်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။