
လားရှိုးမြို့မှာရှိတဲ့ MNDAA ကိုးကန့်တပ်ဖွဲ့ လက်အောက်ခံ ပြည်သူ့ဆေးရုံက ကျန်းမာရေးဝန်ထမ်းတွေ နေရာပြောင်းရွှေ့ဖို့ ပြင်ဆင်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းရဲ့ မြို့တော် လားရှိုးကို MNDAA ကိုးကန့်တပ် ဦးဆောင်တဲ့ တော်လှန်ရေးအင်အားစုတွေက တိုက်ခိုက်သိမ်းပိုက်ပြီး ထိန်းချုပ်ထားတာ ၁၀ လဝန်းကျင်ရှိပြီ ဖြစ်ပါတယ်။
ဒီရက်ပိုင်းအတွင်းမှာတော့ ကိုးကန့်တပ် လက်အောက်ခံ ပြည်သူ့ဆေးရုံက ပစ္စည်းတွေ ရွှေ့ပြောင်းနေပြီး ကျန်းမာရေးဝန်ထမ်းတွေဟာလည်း လားရှိုးမြို့ကနေ ပြောင်းရွှေ့ဖို့ ပြင်ဆင်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကိုးကန့်ကျန်းမာရေး ဝန်ထမ်းတွေနဲ့ နီးစပ်တဲ့ မြို့ခံက “ဒီလထဲမှာ ဆေးရုံကအဖွဲ့တွေ စဆုတ်မယ်၊ သေချာတယ်။ ဆေးရုံကပစ္စည်းတွေ အားလုံးကတော့ လောက်ကိုင်ဘက် သယ်သွားပြီလေ။ ဟိုဟာ ၂၁ ရက်နေ့ စထွက်မယ်တဲ့ ဆေးရုံအဖွဲ့ကတော့” လို့ ပြောပါတယ်။
လားရှိုးမြို့က MNDAA ကိုးကန့်တပ် လက်အောက်ခံ ကျန်းမာဝန်ထမ်းတွေဟာ လားရှိုးကနေ ကိုးကန့်တပ် ထိန်းချုပ်ထားတဲ့ မြို့နယ်တွေဖြစ်တဲ့ သိန္နီ၊ ကွမ်းလုံ၊ ချင်းရွှေဟော်နဲ့ လောက်ကိုင်မြို့တွေဘက် ပြောင်းရွှေ့ရမှာဖြစ်ပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး လားရှိုးမြို့က နိုင်ငံရေးသမားတွေ၊ လက်နက်ကိုင်တော်လှန်ရေး အင်အားစုတွေ၊ PDF တွေ၊ CDM ဝန်ထမ်းတွေ၊ ဒီမိုကရေစီလိုလားသူတွေနဲ့ ပြည်သူတွေကတော့ ကိုးကန့်တပ် လားရှိုးကနေ ဆုတ်သွားပြီး စစ်ကောင်စီတပ် ပြန်ဝင်လာရင် သူတို့ကို အရင်လို သတ်ဖြတ်၊ နှိပ်စက်၊ ဖမ်းဆီးထောင်ချမှာကို စိုးရိမ်နေကြပါတယ်။
ဒီမိုကရေစီလိုလားသူ မြို့ခံတယောက် “ကျန်တဲ့ကောင်ဆို အကြောင်းမဟုတ်ဘူး။ စကစ ဆိုရင်တော့ ကျနော်တို့ကို အရင်ကပုံစံမျိုးနဲ့ လာဆွဲမှာပေါ့” လို့ ပြောပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး ကိုးကန့်ဘက်က တရားဝင်စာထုတ်ပြန်တာ မရှိသေးပါဘူး။
ကိုးကန့်တပ် ထိန်းချုပ်ထားတဲ့ လားရှိုးမြို့ရှိ ရပ်ကွက်တချို့တွေကို စစ်ကောင်စီတပ်က ပြန်အုပ်ချုပ်သွားမှာဖြစ်ပြီး မြို့ပြင်အားလုံး အထူးဒေသ ၁ ထဲ ပါဝင်ကာ ခရိုင် ၄ ခုအောက်မှာရှိတဲ့ မြို့၊ ရပ်ကွက်တွေမှာလည်း ကိုးကန့်တပ်က အရေးပေါ် တပ်သားသစ်တွေ ပြန်လည်စုဆောင်းနေတယ်လို့ ဒေသတွင်း Wa News Land သတင်းမှာ ဖော်ပြထားပါတယ်။
တရုတ်နိုင်ငံရဲ့ ကြားဝင်ညှိနှိုင်းမှုကြောင့် စစ်ကောင်စီနဲ့ MNDAA ကိုးကန့်တပ်တို့ ၂၀၂၅ ဇန်နဝါရီ ၁၅ ရက်မှာ တွေ့ဆုံပြီး ဇန်နဝါရီ ၁၈ မှာ နှစ်ဖက်အပစ်ရပ်ဖို့ သဘောတူစာချုပ် လက်မှတ်ရေးထိုးခဲ့ပါတယ်။
အလားတူ မတ် ၂၂ ရက်မှာလည်း တရုတ်နိုင်ငံ ကူမင်းမြို့မှာ စစ်ကောင်စီနဲ့ MNDAA ကိုးကန့်တပ်တို့ ထပ်မံတွေ့ဆုံမှု ပြုလုပ်ခဲ့ပေမဲ့ ဆွေးနွေးပွဲပျက်ခဲ့တယ်လို့ နီးစပ်သူတွေက ဆိုပါတယ်။