Home
မြန်မာသတင်း
MNDAA က လားရှိုးကို စစ်ကောင်စီထံ ဧပြီလမကုန်မီ ပြန်လွှဲပေးရမည်
DVB
·
April 4, 2025

စစ်ကောင်စီ ဖိအားပေးမှုကြောင့် ဧပြီလမကုန်ခင်မှာပဲ လားရှိုးမြို့ အုပ်ချုပ်ရေးကို စစ်ကောင်စီထံ ပြန်လွှဲပေးရတော့မယ်လို့ MNDAA သတင်းရင်းမြစ်တယောက်က DVB ကို ပြောပါတယ်။

အစီအစဉ်အရတော့ လားရှိုးမြို့ပေါ် ရပ်ကွက် ၁၂ ခုကို စစ်ကောင်စီဘက်ကို ပြန်ပေးရမှာဖြစ်ပြီး ကျေးရွာတွေကတော့ အထူးဒေသ ၁ ထဲမှာ ဆက်ရှိနေလိမ့်မယ်လို့လည်း ဆိုပါတယ်။

MNDAA သတင်းရင်းမြစ်က “လမကုန်ခင် ဌာနဆိုင်ရာအဖွဲ့တချို့ ပြန်ဝင်လိမ့်မယ်။ စကစဘက်ကပေါ့။ စစ်ဘက်ဆိုင်ရာတော့ မဝင်သေးဘူး။ လက်ရှိ မြို့ထဲက တာဝန်ထမ်းဆောင်သူတွေက မဖြစ်မနေ မြို့ကခွာရမယ်။ လားရှိုးမှာ စစ်ဦးစီးနဲ့ တပ်ဖွဲ့ဝင်၊ ရဲဌာန၊ ဆက်ဆံရေးရုံးတော့ ကျန်ခဲ့မယ်” လို့ ပြောပါတယ်။

ကိုးကန့်တပ် MNDAA အနေနဲ့ စစ်ကောင်စီဘက်ကရော တရုတ်ဘက်ကပါ ခြိမ်းခြောက်မှုအများကြီးနဲ့ ရင်ဆိုင်နေရတာကြောင့် အခုလိုဖြစ်လာတာလို့လည်း ဆိုပါတယ်။

“မဆုတ်ပေးရင် လေကြောင်းတိုက်ခိုက်မှုလုပ်မယ်လို့ စကစဘက်က ခြိမ်းခြောက်တယ်။ စီးပွားရေးနဲ့ ကုန်သွယ်ရေးဂိတ်တွေ ပိတ်မယ်လို့ တရုတ်ဘက်က ဖိအားပေးတယ်။ ကျန်တဲ့ဖိအားလည်း အများကြီးပဲ။”

တကယ်လို့ စစ်ကောင်စီပြန်ဝင်လာရင်တော့ စစ်မှုထမ်းကောက်တာတွေအပြင် တခြားဖိအားတွေလည်း ရှိလာနိုင်တာကြောင့် ပြည်သူတွေအနေနဲ့လည်း ကြိုတင်ပြင်ဆင်ဖို့ လိုတယ်လို့ သူက တိုက်တွန်းပါတယ်။

ညီနောင်မဟာမိတ် ၃ ဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းမှာ လားရှိုးမြို့အခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်နဲ့ တပ်စခန်းတွေကို ကိုးကန့်တပ် (MNDAA) နဲ့ ပူးပေါင်းတပ်တွေက ၂၀၂၄ ခုနှစ် ဇူလိုင် ၂၆ ရက်မှာ အလုံးစုံ သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013