
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်မှာ ဧပြီ ၆ ရက် မွန်းလွဲပိုင်းက စစ်ကျန်မြေမြှုပ်မိုင်း ပေါက်ကွဲခဲ့လို့ ပြည်သူတယောက် အပြင်းအထန် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
တောင်ကုတ်မြို့နယ်၊ ကြိုးကြာကွင်းဆည်နားမှာ ဧပြီ ၆ ရက် မွန်းလွဲ ၁ နာရီလောက်က စစ်ကောင်စီတပ် ထောင်ထားခဲ့တဲ့ စစ်ကျန်မြေမြှုပ်မိုင်း ပေါက်ကွဲခဲ့လို့ ပြည်သူတယောက် အပြင်းအထန် ဒဏ်ရာရရှိခဲ့တယ်လို့ တောင်ကုတ်မြို့နယ် ဒေသခံတယောက်က DVB ကို ပြောပါတယ်။
ဒဏ်ရာရရှိခဲ့တဲ့သူကတော့ ကြိုးကြာကွင်းရွာက အသက် ၂၅ နှစ်အရွယ် ကိုဟိန်းမင်းစိုး ဖြစ်ပြီး အဲဒီဆည်နားမှာ ဟင်းခူးသွားတဲ့အချိန် စစ်ကောင်စီတပ်က ထောင်ထားခဲ့တဲ့ စစ်ကျန်မြေမြှုပ်မိုင်း ပေါက်ကွဲကာ ညာဘက်လက်နဲ့ ခန္ဓာကိုယ်မှာ မိုင်းစထိမှန်ပြီး အပြင်းအထန် ဒဏ်ရာရရှိခဲ့လို့ ဆေးဝါးကုသမှု ခံယူနေရတယ်လို့ ဆိုပါတယ်။
ကြိုးကြာကွင်းဆည်နားမှာ စစ်ကောင်စီဘက်က တပ်စွဲခဲ့ပြီး မြေမြှုပ်မိုင်းတွေ ထောင်ထားခဲ့တာကြောင့် စစ်ကျန်မိုင်းတွေ မကြာခဏ ပေါက်ကွဲလေ့ရှိကာ ပြည်သူတွေ ဒဏ်ရာရရှိခဲ့တယ်လို့ ပြောပါတယ်။
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်မှာ မတ် ၄ ရက် နေ့လယ်ပိုင်းကလည်း စစ်ကျန်ဗုံးသီး ပေါက်ကွဲခဲ့လို့ လူငယ်တယောက် သေဆုံးကာ တယောက် ဒဏ်ရာရရှိခဲ့ပါတယ်။