
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့မှာ ဧပြီ ၅ ရက် ညနေပိုင်းက စစ်ကျန်ဗုံးသီး ပေါက်ကွဲခဲ့လို့ ပြည်သူ ၂ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
မြောက်ဦးမြို့၊ ကျောက်ရာဇ်ကေရပ်ကွက် ဘုန်းကြီးကျောင်းနားမှာ ဧပြီ ၅ ရက် ညနေ ၃ နာရီကျော်လောက်က စစ်ကျန်ဗုံးသီးတလုံး ပေါက်ကွဲခဲ့လို့ ပြည်သူ ၂ ယောက် အပြင်းအထန် ဒဏ်ရာရရှိခဲ့တယ်လို့ မြောက်ဦးမြို့ခံတယောက်က DVB ကို ပြောပါတယ်။
ကျောက်ရာဇ်ကေ ဘုန်းကြီးကျောင်းနားကကန်မှာ ငါးရှာနေတဲ့ မောင်စောဌေးဟာ ကန်ဘောင်ပေါ်ကနေ မပေါက်ကွဲသေးတဲ့ စစ်ကျန်ဗုံးသီးတလုံးကို ကောက်ရခဲ့လို့ ဦးစိုးချေနဲ့ ထွန်းလင်းချေ တို့ဆီကို ပစ်ပေးလိုက်ရာကနေ ပေါက်ကွဲမှုဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။
အဲဒီဗုံးပေါက်ကွဲမှုကြောင့် ကျောက်ရာဇ်ကေရပ်ကွက်က အသက် ၃၃ နှစ်အရွယ် ဦးစိုးချေနဲ့ အသက် ၂၈ နှစ်အရွယ် ထွန်းလင်းချေတို့မှာ အပြင်းအထန် ဒဏ်ရာရရှိခဲ့လို့ အရေးပေါ် ဆေးဝါးကုသမှု ခံယူနေရတယ်လို့ ပြောပါတယ်။
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်မှာလည်း မတ် ၄ ရက် နေ့လယ်ပိုင်းမှာ စစ်ကျန်ဗုံးသီး ပေါက်ကွဲခဲ့လို့ လူငယ်တယောက် သေဆုံးကာ တယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေ ဆီကနေ သိရပါတယ်။