
မြန်မာပြည်ကလူတွေအနေနဲ့ နိဗ္ဗာန်ဆိုတာ မကြုံဖူးရင်တောင် ငရဲဆိုတာကိုတော့ မျက်မြင်ကိုယ်တွေ့ ကြုံတွေ့နေရပါတယ်။ အရင်ကတည်းကမှ စစ်ရေး၊ စားဝတ်နေရေး၊ ကျန်းမာရေး၊ လုံခြုံရေးတွေမှာ ဆင်းရဲဒုက္ခကြုံနေရချိန် ပြင်းအား ၇ ဒသမ ၇ ရှိတဲ့ စစ်ကိုင်းပြတ်ရွေ့က ငလျင်ကြီးတခု လှုပ်ခတ်တာကို မကြာခင်ရက်ပိုင်းက ခံစားလိုက်ရတာပါ။ အထက်ဗမာပြည်ဒေသတွေဖြစ်တဲ့ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းတွေမှာ အကြီးအကျယ် အထိအခိုက် ရှိခဲ့ပါတယ်။ သေဆုံးသူ လူဦးရေကလည်း ဧပြီ ၆ ရက် နောက်ဆုံးရသတင်းအရ ၃,၅၀၀ ကျော်သွားပါပြီ။ ထိခိုက်ဒဏ်ရာရသူ၊ ပျောက်ဆုံးနေသူတွေကလည်း ထောင်ဂဏန်း၊ ရာဂဏန်း ရှိနေပါတယ်။ ဒါတောင် စနစ်တကျ ပြုစုကောက်ယူထားတာ မဟုတ်တဲ့အတွက် တကယ့်အရှိတရားနဲ့ ကွာပါတယ်။
အခုလို တတိုင်းပြည်လုံး ငရဲရောက်နေချိန်မှာ အာဏာသိမ်းစစ်ကောင်စီ ဘာလုပ်နေပါသလဲ။ ဘာတွေထူးထူးခြားခြား ဆောင်ရွက်နေပါသလဲ။
ဒီအမေးကို ပြန်ဖြေရရင်တော့ စစ်ကောင်စီဟာ for show ဟန်ပြသက်သက်ကလွဲလို့ အရင့်အရင်က အာဏာရှင် အဆက်ဆက်အတိုင်း ပြည်သူကို ပစ်ပယ်ထားတုန်းပါပဲ။ အရင်က အဖြစ်အပျက်တွေနဲ့ မတူတာကတော့ ဒီတခါ သဘာဝဘေးမှာ စစ်ကောင်စီဟာလည်း မြန်မာပြည်သားတွေနည်းတူ ငလျင်ဒဏ်ကို အတော်လေး ခံလိုက်ရပါတယ်။ အထူးသဖြင့် နေပြည်တော်မှာ အဆောက်အအုံတွေပြို၊ စစ်ရုံးချုပ် ပျက်စီးတာ၊ လေကြောင်းထိန်းချုပ်ရေးတာဝါတိုင် ပျက်စီးတာ စတဲ့ စစ်ရေးနဲ့ပတ်သက်တဲ့ ပစ္စည်းတွေ ပျက်စီးဆုံးရှုံးသလို စစ်သားတွေ၊ ဌာနဆိုင်ရာ ဝန်ထမ်းတွေလို လူတွေလည်း ထိခိုက်သေဆုံးတာတွေ မနည်းမနော ရှိခဲ့ပါတယ်။ ဒီလို ကိုယ်တိုင်ထိခိုက်နစ်နာခဲ့တဲ့ အတွက်ရော၊ စစ်ရေးအခြေအနေ မလှတဲ့အတွက်ကြောင့်ရော နဂိုကတည်းက ပြည်သူအပေါ် စေတနာမရှိတဲ့အတွက်ကြောင့် ပြည်သူအပေါ် ဘာမှ ထိထိရောက်ရောက် မလုပ်ပေးနိုင်ပါဘူး။ နိုင်ငံခြားကိုတောင် အကူအညီတောင်းခံနေရတဲ့ ဘဝပါ။
ဒါပေမဲ့ ခေတ်တွေ၊ အချိန်တွေ ဘယ်လောက်ပြောင်းပြောင်း ကျားဟာ သူ့ရဲ့စင်းကျားကို ဖျောက်လို့မရသလိုဘဲ စစ်အုပ်စုဟာလည်း သူ့ရဲ့ ယုတ်ညံ့တဲ့ စရိုက်လက္ခဏာကို ဖျောက်ဖျက်လို့ မရပါဘူး။ စစ်အုပ်စုဟာ စစ်အုပ်စုပါပဲ။ သူတို့အရင်က စစ်အာဏာရှင်တွေအတိုင်း ဆက်လက်လုပ်ဆောင်နေတုန်းပါပဲ။
မင်းအောင်လှိုင်ရဲ့ဆရာ အာဏာရှင်သန်းရွှေလက်ထက် ၂၀၀၈ မှာ နာဂစ်မုန်တိုင်းဖြစ်ခဲ့တာ အားလုံးမှတ်မိကြဦးမှာပါ။ လူတွေ သိန်းဂဏန်းနဲ့ချီ သေဆုံးခဲ့ကြရတဲ့ အတိတ်ဆိုးကြီးတခုပေါ့။ အဲဒီတုန်းကလည်း မုန်တိုင်းမဖြစ်ခင်မှာ အင်အားကြီး ဆိုင်ကလုန်းမုန်တိုင်း ဝင်လာနိုင်ချေရှိကြောင်း နိုင်ငံတကာကရော ဦးထွန်းလွင်လို ပြည်တွင်းပညာရှင်တွေကပါ ကြိုတင်သတိပေးခဲ့ကြပါတယ်။ ဒါပေမဲ့ အာဏာရူးတဲ့ အာဏာရှင် သန်းရွှေဟာ ၂၀၀၈ ခြေဥကို အတည်ပြုပြဋ္ဌာန်းပြီး တိုင်းပြည်ကို ဆက်လက်အုပ်ချုပ်နိုင်ဖို့အတွက်ပဲ အာရုံစိုက်ခဲ့ပါတယ်။ ၂၀၀၈ ခုနှစ် မေလထဲမှာပဲ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အတည်ပြုနိုင်ဖို့ နိုင်ငံလုံးကျွတ် ဆန္ဒခံယူပွဲကို မျက်နှာပြောင်တိုက် ကျင်းပခဲ့ပါတယ်။ မုန်တိုင်းဒဏ်ကို အဓိက ခံစားခဲ့ရတဲ့ ဧရာဝတီတိုင်းနဲ့ ရန်ကုန်က မြို့နယ်အချို့ကိုလည်း မေလအတွင်းမှာပဲ အတင်းအကျပ် ပြုလုပ်ခဲ့ပါတယ်။ အဲဒီ မေလတလတည်းမှာပဲ ပြည်သူ ၉၀ ရာနှုန်းကျော်က ထောက်ခံခဲ့တဲ့အတွက် ၂၀၀၈ ခြေဥကို တရားဝင် အတည်ပြုပြီဆိုပြီး အရှက်မရှိ ကြေညာခဲ့ပါတယ်။
ဆိုရှယ်မီဒီယာမှာ တခါတလေ ပုံတွေတက်လာတာ တွေ့ဖူးကြမှာပါ။ စစ်ဗိုလ်ချုပ်တွေက မြိန့်မြိန့်ကြီးတွေရပ်ပြီး ဘေးဒုက္ခခံရတဲ့ ပြည်သူတွေက မြေပြင်မှာ ဆောင့်ကြောင့်လေးတွေ ထိုင်နေကြတာတွေ။ အဲဒါ နာဂစ်တုန်းကပေါ့။ ဒါတောင် အာဏာရှင် သန်းရွှေတို့အုပ်စုက နာဂစ်ဖြစ်ပြီး ၂ ပတ်လောက်နေမှ ပြည်သူတွေဆီ ရောက်သွားတာပါ။ ငါ့အာဏာတည်မြဲဖို့က အဓိက၊ ပြည်သူက နောက်မှ ဆိုတာကို သန်းရွှေတို့ လက်တွေ့ သက်သေပြခဲ့ကြတာပဲ။ ပြည်သူတွေ ကြိုက်သလောက် သေ၊ ကြိုက်သလောက် ဒုက္ခရောက် ငါ့အသိုင်းအဝိုင်း၊ ငါ့အာဏာကို မထိခိုက်သရွေ့ အာဏာရှင်တွေ မမှုကြပါဘူး။ ဂရုမစိုက်၊ စိတ်မဝင်စားကြပါဘူး။
အဲဒီ နာဂစ်ကြောင့် ပြည်သူတွေ တသိန်းကျော်လောက် သေဆုံးသွားပါတယ်။ ဒါပေမဲ့ စစ်ဗိုလ်ချုပ်တွေကတော့ စာရင်းအမှန်ကို ဖျောက်ကာ ထောင်ဂဏန်းလောက်သာ သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ခဲ့တယ်။ ကူညီကယ်ဆယ်ရေးအပိုင်းမှာလည်း နိုင်ငံတကာက ကယ်ဆယ်မယ်လို့ တကူးတက ကမ်းလှမ်းတာတောင် ခွင့်မပြုခဲ့ပါဘူး။ အမေရိကန် ဦးဆောင်တဲ့ မဟာမိတ် နိုင်ငံတွေဟာ မြန်မာရေပိုင်နက်အနားမှာ ရှိနေခဲ့ကြပြီး မြန်မာပြည်သူတွေကို ကူညီဖို့ အဆင်သင့် စောင့်နေခဲ့ကြပါတယ်။ ဒါပေမဲ့ စစ်အာဏာရှင်တွေဟာ သူတို့နဲ့ ပုလဲနံပသင့်တဲ့ နိုင်ငံတွေ မဟုတ်တဲ့အတွက် ဝင်ခွင့်မပြုခဲ့ပါဘူး။ ရက်အတော်ကြာမှပဲ အကန့်အသတ်အချို့နဲ့ ဝင်ခွင့်ပြုခဲ့ပါတယ်။ ကယ်ဆယ်ရေးတွေဟာလည်း အချိန်မီ လုပ်ဆောင်ရမှာဖြစ်ပေမဲ့ အခါနှောင်းသွားခဲ့ပါပြီ။ နိုင်ငံတကာကို အကန့်အသတ်နဲ့ ဝင်ရောက်ခွင့်ပြုခဲ့ပေမဲ့ နိုင်ငံတကာက ကူညီတဲ့ အစားအသောက်ကစလို့ ဆေးဝါးပစ္စည်းတွေအထိ စစ်အာဏာရှင်တွေကသာ လက်ဝါးကြီးအုပ်ခဲ့တာပါ။ တကယ် ဘေးဒုက္ခခံခဲ့ရတဲ့ ပြည်သူတွေဆိုတာ ဆင့်ပါးစပ် နှမ်းပက်တဲ့ အဆင့်ပဲ ရခဲ့တာပါ။ နိုင်ငံတကာ မပြောနဲ့၊ ပြည်တွင်းက ပြည်သူအချင်းချင်း ကူညီကြတဲ့ သူတွေကိုတောင် ပိတ်ပင်ကန့်သတ်တာတွေ ရှိခဲ့ပါတယ်။ ဒါကို အဲဒီတုန်းက သွားရောက် ကူညီကြသူတွေ မှတ်မိကြဦးမှာပါ။ ပြီးတော့ သတင်းရယူခွင့် ဆိုတာကလည်း ဗလာနတ္ထိ။ သူတို့ရဲ့ ဝါဒဖြန့် နိုင်ငံပိုင် သတင်းမီဒီယာကလွဲရင် ဘယ်မီဒီယာကိုမှ ခွင့်မပြုခဲ့ပါဘူး။
နာဂစ်ပြီးသွားတာ ဆယ်စုနှစ်တခု ကျော်သွားပေမဲ့ အခု သန်းရွှေတပည့် မင်းအောင်လှိုင် လက်ထက်မှာလည်း ဒင်းတို့ရဲ့ လုပ်ပုံကိုင်ပုံ၊ စိတ်နေသဘောထားတွေဟာ အရင်ကအတိုင်း။ ထိုနည်းလည်းကောင်း။ ဘာမှမကွာပါဘူး။ ပထမဆုံးအချက်ကတော့ ပြည်သူတွေမှာ တခါမှ မကြုံဘူးတဲ့ ကိုဗစ်ရောဂါကြောင့် ဒုက္ခရောက်နေချိန်မှာပဲ အာဏာသိမ်းပစ်လိုက်တာပါပဲ။ အာဏာသိမ်းပြီး မကြာခင်မှာ ကိုဗစ်ထပ်ဖြစ်တော့ မင်းအောင်လှိုင်တို့ ဘယ်လို တုံ့ပြန်ခဲ့တယ်ဆိုတာ ပြည်သူတွေ မှတ်မိကြဦးမှာပါ။ ဆေးဝါးတွေ ပြတ်လပ်သလို ဈေးတွေလည်း အဆမတန် မြင့်တက်လာပါတယ်။ Mask တွေလည်းပြတ်၊ ဈေးတွေလည်းတက်၊ လူနာတင်ယာဉ်တွေက မလုံလောက်၊ အောက်ဆီဂျင်တွေကပြတ်၊ အောက်ဆီဂျင်အိုးပြည့်ဖို့ လူတွေက တန်းစီ၊ အဲဒီမှာ တခါ ပိုးတွေကပျံ့။ သေလိုက်ကြတာ သောက်သောက်လဲ။
အိမ်ထဲမှာ၊ ဆေးရုံရှေ့မှာ အလောင်းတွေ။ သုသာန်တွေမှာလည်း ပိုးလိုးပက်လက်နဲ့။ တကယ့်ကို ငရဲဖြစ်ခဲ့ရတာပါ။
အခုလည်း အင်အားကြီးငလျင်။ ငလျင်လှုပ်လို့ အများပြည်သူ ဒုက္ခရောက်နေတဲ့ နေ့မှာတောင် နောင်ချို၊ ချောင်းဦးနဲ့ ပဲခူးတိုင်းတွေမှာ လေကြောင်းကနေ တိုက်ခိုက်တဲ့အထိ မင်းအောင်လှိုင်တို့ဟာ ပြည်သူအပေါ်မှာ အညှာအတာ တစက်ကလေးမှ မရှိတာပါ။ တိုင်းပြည်ဘဏ္ဍာငွေကို စစ်အသုံးစရိတ်နဲ့ စစ်အသိုင်းအဝိုင်း ချမ်းသာဖို့အတွက်ပဲ အသုံးချထားတော့ အခုလို သဘာဝဘေး ကြုံတွေ့ရချိန်မှာ ကယ်ဆယ်ဖို့ ဘာ ဘာ ဘာမှ မရှိတော့ပါဘူး။ ရှိတယ်ဆိုရင်လည်း ကယ်ဆယ်မှာမဟုတ်ဘူး ဆိုတာ သေချာပါတယ်။ ဒေါ်အောင်ဆန်းစုကြည်လက်ထက်က သဘာဝဘေးကြုံရင် ကယ်ဆယ်ဖို့ ဝယ်ထားတဲ့ ရဟတ်ယာဉ်လည်း ဘယ်ရောက်နေမှန်း မသိတော့ပါ။ အရေးပေါ်ရန်ပုံငွေတွေကိုလည်း စစ်အသုံးစရိတ်နဲ့ စစ်အုပ်စုအတွင်း မျိုဆို့ပစ်လိုက်ကြပြီ ထင်ပါတယ်။ ပြည်သူကနေ ပြည်သူအချင်းချင်းပဲ ကယ်ရတယ်။ ကူရတယ်။ ပေးရတယ်။ ဒါပေမဲ့ ထင်သလောက် ခရီးမပေါက်ပါဘူး။ အသွားအလာတွေ ကန့်သတ်ပါတယ်။ သူတို့ ခွင့်ပြုထားတဲ့ အုပ်စုတွေကတဆင့် ပေးခွင့်ပြုပါတယ်။ မန္တလေးလို စစ်ကိုင်းလို ငလျင်ဗဟိုချက် နေရာတွေမှာလည်း ကယ်ဆယ်ရေးတွေ အချိန်မီ မရောက်လာခဲ့ပါ။ မန္တလေး ဆိုလည်း ၂ ရက် ၃ ရက်လောက်နေမှ နိုင်ငံတကာအဖွဲ့တွေ ရောက်လာခဲ့သလို စစ်ကိုင်းလို ၈၀% နီးပါး ပျက်စီးသွားတဲ့ မြို့တွေမှာ ၄/၅ ရက်နေမှ ကယ်ဆယ်ရေးတွေ ရောက်နိုင်ခဲ့တာပါ။ ငလျင်ကြောင့် တခါတည်းသေမသွားဘဲ ကျန်တဲ့သူတွေဟာ ကယ်ဆယ်မှု နောက်ကျခြင်းရဲ့ အကျိုးဆက်ကြောင့် အသက်ဆုံးရှုံးခဲ့ရပါပြီ။ ဒါဟာ အောက်စီဂျင်အိုး မလောက်ငလို့၊ မာရှယ်လော အချိန်မို့ ဆိုပြီး ကိုဗစ်ကာလမှာ မသေသင့်ဘဲ သေဆုံးခဲ့ကြရတဲ့ ကိုဗစ်ဝေဒနာသည်တွေနဲ့ အတူတူပါပဲ။
ဒီလို ငရဲပြည်ကအကြောင်း နိုင်ငံတကာ သတင်းမီဒီယာတွေမှာ ဖော်ပြဖို့အတွက်၊ စုံစမ်းထောက်လှမ်းဖို့အတွက် နိုင်ငံတကာ သတင်းမီဒီယာတွေက တောင်းဆိုခဲ့ကြပေမဲ့၀ စစ်အုပ်စုဟာ ဘမျိုးဘိုးတူတွေအတိုင်း နိုင်ငံတကာ သတင်းမီဒီယာတွေကို ဝင်ရောက်ခွင့် မပြုခဲ့ပါဘူး။ နိုင်ငံတကာ သတင်းမီဒီယာတွေကိုသာ ဝင်ရောက်ခွင့်မပြုပေမဲ့ နိုင်ငံတကာ အကူအညီတွေကိုတော့ဖြင့် ကူပါ ကယ်ပါနဲ့ တောင်းခံလာလိုက်တာ ငွေအင်အား၊ ပစ္စည်းအင်အား အတော်လေး ရရှိနေပါပြီ။ ဒါတွေကို ပြည်သူအတွက် အသုံးပြုမှာလား ဆိုရင်တော့ No ပါလို့ ပြောရမှာပါ။ အထိနာထားတဲ့ သူတို့အတွက်ပဲ သူတို့ အသုံးပြုကြမှာပဲ ဖြစ်ပါတယ်။ ပြီးတော့ နိုင်ငံခြားငွေ လိုအပ်နေတဲ့ စစ်ကောင်စီအတွက် အမြတ်ထွက်သွားခဲ့ပါတယ်။ ဒီလို နိုင်ငံတကာက ပြည်သူကို ကူဖို့ပေးတဲ့ ငွေတွေနဲ့ ပြည်သူကို သတ်ဖို့ လက်နက်ပစ္စည်းတွေ ထပ်ဝယ်ကြဦးမှာပါ။
မြန်မာပြည်သူတွေကတော့ မိအေး အခါခါနာနေရပါပြီ။ ငရဲ ဆိုတာ ချို(ဂျို)ကြီးနဲ့ပါ ဆိုတာကိုလည်း မျက်ဝါးထင်ထင် ကြုံတွေ့နေရပါပြီ။
ဟောဒီတိုင်းပြည်မှာ စစ်ကောင်စီ ရှိနေသရွေ့ကတော့ မြန်မာပြည်သူတွေ ငရဲခန်းက လွတ်လမ်း မမြင်ပါဘူး။ ငရဲခန်းက ဒုက္ခအဖုံဖုံရဲ့ တရားခံဟာ ခေတ်အဆက်ဆက် ဘယ်တော့မှ မပြောင်းလဲခဲ့တဲ့ စစ်မိစ္ဆာအုပ်စုသာ ဖြစ်ပါတယ်။ ဒီတရားခံကို ဖမ်းဆီးအရေးမယူနိုင်သေးသရွေ့၊ မလုံတဲ့ခေါင်ကို ဖယ်ရှားပြီး အသစ်မလဲနိုင်သရွေ့ မြန်မာပြည်ဟာ အိတ်ပေါက်နဲ့ ဖားကောက်သလို ငရဲသံသရာကနေ လွတ်ဖို့ လမ်းမမြင်တော့ပါ။