
အမေရိကန်နိုင်ငံဆီ တင်ပို့တဲ့ ဗီယက်နမ် ကုန်စည်တွေအပေါ် အခွန် ၄၆ ရာခိုင်နှုန်း တိုးမြှင့်ခြင်းရဲ့ အလားအလာ သက်ရောက်မှုကို ဗီယက်နမ်ပြည်သူတွေက အကဲဖြတ်နေပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ဗီယက်နမ် သွင်းကုန်အားလုံးအပေါ် ၁၀ ရာခိုင်နှုန်း ပိုတိုးပြီး အခွန်ကောက်မယ့် အမေရိကန်အကောက်ခွန်သစ်ကို ဧပြီ ၂ ရက်မှာ ကြေညာခဲ့ပြီး အထူးသဖြင့် အာရှ ကုန်သွယ်ဖက်တချို့အပေါ် စည်းကြပ်မှု ပိုမိုမြင့်မားလာခဲ့တာပါ။
“သူက ဗီယက်နမ်ကို တိုက်ခိုက်နေသလို ခံစားရတယ်” လို့ အသက် ၇၀ အရွယ် ဟနွိုင်းမြို့ခံ တယောက်က ပြောပါတယ်။
ဗီယက်နမ်ငွေကြေး ဒေါင်ဟာလည်း ဧပြီ ၃ ရက်မှာ သမိုင်းတလျှောက် အနိမ့်ဆုံးကို ရောက်ခဲ့ပြီး ဗီယက်နမ် စတော့ရှယ်ယာတွေဟာလည်း ၄ နှစ်ကျော်အတွင်း ပထမဆုံးအကြိမ်အဖြစ် စံချိန်တင် အနိမ့်ဆုံးကို ရောက်ခဲ့ပါတယ်။
ဗီယက်နမ်နိုင်ငံဟာ ထရမ့်ပ်ရဲ့ အခွန်စည်းကြပ်မှုအသစ်အောက်မှာ အပြန်အလှန် အကောက်ခွန် အမြင့်ဆုံး ကောက်ခံရတဲ့နိုင်ငံ ဖြစ်လာပါတယ်။
ဗီယက်နမ်နဲ့ အမေရိကန်ကြား ကာလရှည်ကြာ သွေးထွက်သံယို ပဋိပက္ခအပြီး ဆယ်စုနှစ်များစွာကြာအောင် ပြန်တည်ဆောက်ခဲ့ရတဲ့ ဆက်ဆံရေး ပျက်ပြားသွားနိုင်တယ်လို့ အမေရိကန် ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေမန်နေဂျာ အက်ဒီ ထိုင်းက သတိပေး ပြောကြားခဲ့ပါတယ်။
အခွန်တိုးမြှင့်မှုကြောင့် ရင်းနှီးမြှုပ်နှံမှု နည်းပါးလာမှာကို စိုးရိမ်နေတယ်လို့လည်း ရိုက်တာ သတင်းဌာနနဲ့ လူတွေ့မေးမြန်းခန်းမှာ သူက ပြောခဲ့ပါတယ်။
ထရမ့်ပ်အစိုးရဆီကနေ အခွန်ရှောင်ဖို့ ကြိုးစားနေလို့ အမေရိကန်အစိုးရနဲ့ ကုန်သွယ်ရေး ပိုငွေပြမှုကို လျှော့ချဖို့ အမေရိကန်သွင်းကုန်တွေ မြှင့်တင်ခြင်း အပါအဝင် အစီအမံတွေကို လွန်ခဲ့တဲ့ သီတင်းပတ်တွေတုန်းက ဗီယက်နမ်က ကြေညာခဲ့ပါတယ်။
အရှေ့တောင်အာရှ စက်မှုဗဟိုဌာနဖြစ်တဲ့ ဗီယက်နမ်ဟာ အီလွန်မတ်စ်ခ်ရဲ့ SpaceX ကုမ္ပဏီက Starlink ဂြိုဟ်တုအင်တာနက်ဝန်ဆောင်မှုကို ဗီယက်နမ်နိုင်ငံအတွင်း အစမ်းသဘောနဲ့ စတင်ခွင့်ပြုခဲ့ပါတယ်။
Source : Reuters