Home
မြန်မာသတင်း
အမေရိကန်က မြန်မာငလျင်ဘေးအတွက် ဒေါ်လာ ၇ သန်းထပ်ကူညီ၊ ကယ်ဆယ်ကူညီရေး လေယာဉ်ရောက်  
DVB
·
April 5, 2025
Photo: MWD

မြန်မာနိုင်ငံက ငလျင်ဘေးဒဏ်သင့်ပြည်သူတွေကို ပံ့ပိုးကူညီဖို့ အမေရိကန်ပြည်ထောင်စုက အမေရိကန်ဒေါ်လာ ၇ သန်းလောက်  ထပ်တိုးရန်ပုံငွေအဖြစ် အသုံးပြုသွားမယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ တမ်မီဘရုစ်က ပြောပါတယ်။

မတ် ၃၁ က ကြေညာခဲ့တဲ့ ‌အမေရိကန်ဒေါ်လာ ၂ သန်းနဲ့ဆိုရင် အမေရိကန်က မြန်မာငလျင်ဘေးအတွက် အသုံးပြုမယ့်ငွေပမာဏဟာ ဒေါ်လာ ၉ သန်းရှိမှာ ဖြစ်ပါတယ်။

အဆိုပါရန်ပုံငွေ အထောက်အပံ့တွေကနေတဆင့် ငလျင်ဘေးဒဏ်သင့် အသိုက်အဝန်းအတွက် အရေးပေါ် နားခိုရာ၊ စားနပ်ရိက္ခာ၊ ဆေးဝါးပစ္စည်းနဲ့ သောက်သုံးရေတွေ ပေးအပ်သွားမယ်လို့လည်း ပြောပါတယ်။

ဒါ့အပြင် ဧပြီ ၅ ရက်မနက်ကလည်း ငလျင်ဘေးသင့်ပြည်သူတွေအတွက် အမေရိကန်ကနေ ဖြန့်ဝေမယ့် ကယ်ဆယ်ရေးပစ္စည်းတွေနဲ့ ကူညီကယ်ဆယ်ရေးဖွဲ့ပါဝင်တဲ့  Samaritan's Purse လေယာဉ်တစင်း ရန်ကုန်လေဆိပ်ကို ရောက်ရှိလာတယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ထား ပါတယ်။ ဒီလေယာဉ်နဲ့အတူ ဆေးဝါးတွေ၊ လူသုံးကုန်ပစ္စည်းတွေနဲ့  ကယ်ဆယ်ရေးပစ္စည်းတွေ တင်ဆောင်လာတယ်လို့လည်း သိရပါတယ်။  

မန္တလေးနဲ့ စစ်ကိုင်းကို ဗဟိုပြုလှုပ်ခတ်ခဲ့တဲ့ ငလျင်အတွက် အရေးပေါ်တုံ့ပြန်မှုအနေနဲ့ အမေရိကန်က  မြန်မာနိုင်ငံအခြေစိုက် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေး အဖွဲ့အစည်းတွေကနေတဆင့် ပံ့ပိုးကူညီပေးအပ်သွားမယ်လို့သိရပါတယ်။

ဒါ့အပြင် အမေရိကန်နိုင်ငံတကာ ဖွံ့ဖြိုးရေးအေဂျင်စီ (USAID) ရဲ့ အရေးပေါ်တုံ့ပြန်ရေးအဖွဲ့က အရေးပေါ် နားခိုစရာ၊ အစားအသောက်၊ ဆေးဝါးလိုအပ်ချက်နဲ့ ရေရရှိနိုင်မှုအပါအဝင် ငလျင်ဘေးသင့်ဒေသရှိ ပြည်သူတွေရဲ့ အပူတပြင်း လိုအပ်ချက်တွေကို သုံးသပ်ဖော်ထုတ်ဖို့ မြန်မာနိုင်ငံကို ရောက်ရှိလာမယ်လို့ ရန်ကုန်ရှိ အမေရိကန်သံရုံးက အစောပိုင်းကတည်းက  ထုတ်ပြန်ထားတာပါ။

အမေရိကန်သံရုံးအကြီးအကဲ ဆူဆန်စတီဗင်ဆင်က “ပျက်စီးဆုံးရှုံးမှုတွေကနေ ပြန်လည်ထူထောင်ဖို့ ကြိုးပမ်းနေကြတဲ့ မြန်မာပြည်သူတွေနဲ့အတူ အမေရိကန်ပြည်ထောင်စုက ရပ်တည်နေတယ်။ ဒီအခက်အခဲကာလအတွင်း အသက်ဆုံးရှုံးမှုတွေနဲ့ လမ်းပန်းဆက်သွယ်ရေး ပျက်စီးဆုံးရှုံးမှုတွေအတွက်လည်း အားလုံးနဲ့ထပ်တူ မိမိတို့ ဝမ်းနည်းစိတ်မကောင်းဖြစ်ရတယ်။ အခုလို ခက်ခဲတဲ့ကာလမှာ မြန်မာပြည်သူပြည်သားတွေနဲ့ စည်းလုံးညီညွတ်စွာ ရပ်တည်ပြီး ပြန်လည်ထူထောင်ရေးကြိုးပမ်းမှုကို ကူညီဖို့ အသင့်ရှိနေပါတယ်”လို့ ဗီဒီယိုရုပ်သံကနေ သတင်းစကားပါးထားပါတယ်။

မြန်မာငလျင်ဘေးဒဏ် တုံ့ပြန်ဆောင်ရွက်ဖို့ အမေရိကန်၊ ဩစတြေးလျ၊ ဂျပန်နဲ့ အိန္ဒိယ  လေးပွင့်ဆိုင် မိတ်ဖက်အဖွဲ့ (Quad) အနေနဲ့ အမေရိကန်ဒေါ်လာ သန်း ၂၀ ကျော် လူသားချင်းစာနာမှု အကူအညီတွေပေးမယ်လို့  ကတိကဝတ်ပြုထားကြပါတယ်။

အမေရိကန်မှာ သမ္မတ ဒေါ်နယ်ထရမ့်ပ် အစိုးရတက်လာပြီးနောက် USAID အဖွဲ့ကို ဖျက်သိမ်းလိုက် တာကြောင့် အမေရိကန်ရဲ့ နိုင်ငံတကာကူအညီပေးရေးလုပ်ငန်းတွေထိုခိုက်ခဲ့ရပြီး မြန်မာငလျင် ဘေးကူညီဖို့ အတွက်လည်း တခြားနိုင်ငံတွေထက်စာရင် နှောင့်နှေးကြန့်ကြာနေတယ်လို့ ဝေဖန်ခံနေရတာ ဖြစ်ပါတယ်။ 

မြန်မာနိုင်ငံမှာ မတ် ၂၈ ရက်က စစ်ကိုင်းမြို့အနီးကို ဗဟိုပြုပြီး လှုပ်ခတ်ခဲ့တဲ့ ရစ်ချ်တာစကေး ၇ ဒသမ ၇ ရှိတဲ့ အင်အားပြင်းငလျင်ကြောင့် သေဆုံးသူ စုစုပေါင်း ၄,၁၇၃  ယောက်၊   ဒဏ်ရာရသူ ၆,၁၆၈ ယောက်၊ ပျောက်ဆုံးနေသူ ၇၆၉ ယောက်နဲ့ ကယ်ဆယ်ရရှိသူ ၄၉၈ ယောက်ရှိပြီလို့  ဧပြီ ၅ ရက် နေ့လယ် ၁ နာရီ အထိ  DVB က ကောက်ယူရရှိတဲ့ စာရင်းတွေအရ သိရပါတယ်။

ဒီအရေအတွက်ဟာ DVB မှ လက်လှမ်းမီသလောက်ရရှိထားတဲ့ ကိန်းဂဏန်းတွေသာဖြစ်ပြီး မြေပြင်မှာ ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေဆဲအခြေအနေ ဖြစ်တာကြောင့် သေဆုံးသူဦးရေ ထပ်တိုးနိုင်ပါတယ်။

Photo: MWD

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013