
စစ်ကိုင်းတိုင်း၊ မင်းကွန်းဒေသမှာ မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်း ငလျင်ဒဏ်ကြောင့် သေဆုံးသူ အယောက် ၄၀ နီးပါးရှိပြီး လူနေအိမ်တွေ၊ ဘုရားစေတီတွေနဲ့ သာသနိကအဆောက်အအုံတွေ အများအပြား ပြိုကျပျက်စီးခဲ့လို့ PDF ရဲဘော်တွေနဲ့ ဒေသခံတွေ ပူးပေါင်းရှာဖွေကယ်ဆယ်ရေး လုပ်နေကြတယ်လို့ ယူနီကွန်းပြောက်ကျားတပ်ဖွဲ့ဆီက သိရပါတယ်။
ယူနီကွန်းပြောက်ကျားတပ်ဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံက “ကျနော်တို့တွေ ရှာဖွေကယ်ဆယ်ရေးတွေ ဆောင်ရွက်ပေးနေတာက မင်းကွန်းဒေသက PDF စိုးမိုးထားတဲ့ ကျေးရွာတွေမှာပါ။ တခြားက ကယ်ဆယ်ရေးအဖွဲ့တွေ ရောက်မလာကြသေးဘူး။ ဒီမှာရှိကြတဲ့ ဒေသခံပြည်သူတွေနဲ့ပဲ ပူးပေါင်းဆောင်ရွက်ခဲ့ကြတာပါ။ ဆရာတော်တွေလည်း ပါဝင်ကူညီကြပါတယ်” လို့ ပြောပါတယ်။
ငလျင်ဒဏ်ကြောင့် ဒဏ်ရာရရှိခဲ့ကြသူတွေနဲ့ ကျန်းမာရေးချို့တဲ့သူတွေ လိုအပ်တဲ့ ဆေးကုသမှု ခံယူနိုင်ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ကျန်းမာရေးဝန်ကြီးဌာနက ဖွင့်လှစ်ပေးထားတဲ့ ဆေးရုံ၊ ဆေးခန်းတွေဆီကို တာဝန်ယူပို့ဆောင်ပေးခဲ့ကြပါတယ်။
ယူနီကွန်းပြောက်ကျားတပ်ဖွဲ့ရဲ့တာဝန်ခံ Someday က “သက်ဆိုင်ရာ တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေကလည်း မန္တလေးနဲ့ စစ်ကိုင်းဘက်မှာ အပျက်အစီးတွေ များတော့ အဲဒီဘက်တွေမှာ တာဝန်ယူ ဆောင်ရွက်နေကြတာ ဆိုတော့ ဒီဘက်ရွာတွေဆီ မလာနိုင်ကြဘူး။ ဒီဘက်ရွာတွေမှာလည်း ငလျင်ကြောင့် မြေကြီးက အက်ကြောင်းတွေ ပေါ်လာပြီး အဆောက်အအုံတွေ ထိခိုက်ပျက်စီးကြတာပါ။ အသေအပျောက်စာရင်းကတော့ မင်းကွန်းဒေသမှာ စစ်တပ်စိုးမိုးရွာတွေ အပါအဝင် PDF စိုးမိုးရွာတွေ ပေါင်းလိုက်ရင် ၄၀ ဝန်းကျင် ရှိတယ်။ အဲဒီထက်လည်း ပိုနိုင်တယ်။ ဆုံးသွားတဲ့အထဲမှာ ဘုန်းကြီးတွေ၊ သီလရှင်တွေလည်း ပါကြတယ်။ ဒီကျွန်းရွာလေးဆိုရင် အိမ်နဲ့ အဆောက်အအုံ ၂၀ လောက် ပျက်စီးတယ်။ တုံကင်ရေတွင်း ၅၀ ကျော်လောက် ကန်းကုန်တယ်။ မြစ်ရေတွေကလည်း အခုချိန်မှာ သောက်ဖို့ဆိုတာ လုံးဝအဆင်မပြေပါဘူး”လို့ ပြောပါတယ်။
PDF တွေ ကူညီပေးနေတဲ့ရွာကိုတော့ လျှို့ဝှက်ထားပြီး ငလျင်ဒဏ်ကြောင့် လမ်းတွေလည်း ပျက်စီးကုန်လို့ ပရဟိတအဖွဲ့တွေရောက်ဖို့ မလွယ်ကူသေးလို့ သောက်ရေသန့်ရရှိဖို့ အဓိကလိုအပ်နေတယ်လို့လည်း ပြောက်ကျားတပ်က ဆက်ပြောပါတယ်။
အဆိုပါမြေငလျင်လှုပ်ခတ်ခဲ့လို့ မင်းကွန်းဒေသက ငလျင်ဒဏ်သင့်ပြည်သူတွေအတွင်း အရေးပေါ် စားစရာ၊ ဆေးဝါး၊ သောက်သုံးရေနဲ့ ယာယီနေထိုင်စရာ အဆောက်အအုံတွေ လိုအပ်နေလို့ ပြည်တွင်း၊ ပြည်ပ အလှူရှင်တွေအနေနဲ့ ဝိုင်းဝန်းကူညီပေးကြဖို့လို့ မေတ္တာရပ်ခံထားပါတယ်။
Photo: ယူနီကွန်းပြောက်ကျားတပ်ဖွဲ့