Home
မြန်မာသတင်း
စေတုတ္တရာတွင် ကား ၂ စီး မိုင်းဆွဲခံရပြီး ပြည်သူ ၄ ဦးသေဆုံး၊ ဘုန်းကြီး ၁ ပါး အပါအဝင် ၇ ဦး ဒဏ်ရာရ
DVB
·
April 6, 2025

မကွေးတိုင်း၊ စေတုတ္တရာမြို့နယ်၊ ငဖဲ-စေတုတ္တရာလမ်းပိုင်းပေါ်မှာ ဧပြီ ၃ ရက် ည ၉ နာရီဝန်းကျင်က ဘုန်းကြီးကားနဲ့ အရပ်သားကားတွေ မိုင်းဆွဲတိုက်ခိုက်ခံရလို့ ကားပေါ်လိုက်ပါလာကြသူတွေ သေဆုံးဒဏ်ရာရခဲ့ကြတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေဆီကနေ သိရပါတယ်။

စေတုတ္တရာမြို့နယ် တောင်ပိုင်းက ကူတော်ပျူစောထီးရွာနဲ့ အောက်ဝေါရွာကြားမှာ မိုင်းဆွဲတိုက်ခိုက်ခံရတာဖြစ်ပါတယ်။

စေတုတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ တာဝန်ခံက “စေတုတ္တရာမြို့နယ်၊ အောင်နိုင်ကုန်းရွာ ကျောင်းကနေ အလှူအတွက် စျေးဝယ်ပြီးပြန်လာကြတဲ့ ဘုန်းကြီးကားတစီးနဲ့ အရပ်သားကားတစီး မိုင်းဆွဲခံရလို့ အဲဒီကားတွေပေါ်မှာ ပါလာတဲ့ ၉ ယောက်ထဲက ယာဥ်မောင်းတယောက်၊ အမျိုးသားတယောက်နဲ့ အမျိုးသမီး ၂ ယောက် သေဆုံးခဲ့ပါတယ်” လို့ ဖြစ်ပါတယ်။

သေဆုံးသွားတဲ့ ၄ ယောက်ထဲမှာ တယောက်က သံဆည်ရွာက ကျောင်းဆရာမ ဒေါ်ဇာဇာဝင်းဖြစ်ပြီး ကားပေါ်မှာပါတဲ့ ဘုန်းကြီး ဦးသီဟနန္ဒ၊ သီလရှင်တပါးနဲ့ အမျိုးသမီး ၅ ယောက်တို့က ဒဏ်ရာတွေ အပြင်းအထန် ရရှိခဲ့တယလို့လည်း ပြောပါတယ်။

စစ်ကောင်စီထောက်ခံသူတွေကတော့ PDF တွေ ပြုလုပ်တာ ဖြစ်တယ်လို့ လူမှုကွန်ရက် စာမျက်နှာတွေမှာ ဝါဒဖြန့် ရေးသားနေကြ ပါတယ်။

မင်းဘူးခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ကိုအညာသားက “အခုအခင်းဖြစ်တဲ့နေရာက ပျူစောထီးရွာတွေနားမှာ ဖြစ်တာဖြစ်တယ်။ အဲဒီရွာတွေနားမှာ PDF ရဲဘော်တွေ လှုပ်ရှားတာမရှိဘူး။ ကူတော်ပျူစောထီးရွာနားမှာ အခုလဆန်းပိုင်းကတည်းက စစ်သား ၅၀ လောက် အင်အားတိုး ရောက်လာပြီးတော့ နယ်မြေရှင်းလင်းရေးတွေ လုပ်နေကြတာ ရှိခဲ့တယ်။ သူတို့လက်ချက်လို့ပဲ တထစ်ချ ပြောလို့ရတယ်။ အခုကိစ္စဟာ သူတို့ဘက်ကနေ တော်လှန်ရေးပုံရိပ်ကျအောင်နဲ့ တော်လှန်ရေးအဖွဲ့တွေအပေါ် အထင်အမြင်လွဲမှားအောင် တမင်လုပ်ဆောင်ခဲ့တာ ဖြစ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ စစ်သားနဲ့ ပျူတွေဟာ ပြည်သူကိုသတ်ဖို့၊ ပြည်သူပိုင်ပစ္စည်းတွေကို ဖျက်ဆီးဖို့ ဝန်လေးကြတဲ့သူတွေ မဟုတ်လို့ဘဲ” လို့ DVB ကို ပြောပါတယ်။

ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး သက်ဆိုင်သူတွေကို လက်တုံ့ပြန်သွားမှာဖြစ်လို့ ငဖဲ-စေတုတ္တရာ လမ်းပိုင်းပေါ်ကို အသုံးပြုသွားလာနေကြတဲ့ ပြည်သူတွေအနေနဲ့ မနက် ၅ နာရီကနေ ည ၇ နာရီအတွင်းသာ သွားလာကြဖို့ စေတုတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဧပြီ ၅ ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။

အဆိုပါဖြစ်စဥ်နဲ့ပတ်သက်ပြီး ထပ်မံသိရှိနိုင်ဖို့ စေတုတ္တရာမြို့နယ်၊ မြို့မရဲစခန်းကို DVB က ဖုန်းဆက်မေးမြန်းခဲ့ပေမဲ့ လက်ခံဖြေဆိုသူ မရှိခဲ့ပါဘူး။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013